တောင်လေးလုံးဆရာတော် ဈာပန ကျင်းပ
2016.05.24
မန္တလေးတိုင်း အမရပူရမြို့နယ်က တောင်လေးလုံးဆရာတော် ဘဒ္ဒန ္တပညာဇောတ ခေါ် အမျိုးသား စာပေဆုရှင် ကိုပညာ (အမရပူရ) ရဲ့ ဈာပနအခမ်းအနား ကို ကျောင်းဝင်းအတွင်းက သူဌေးဘုရား ရင်ပြင်မှာ ဒီနေ့မနက် ၉ နာရီကကျင်းပခဲ့ပြီး၊ ကျွင်းကျန်တဲ့ရုပ်ကလာပ်ကို နေ့လည် ၁၂ နာရီက ကျောင်းနဲ့ကပ်နေတဲ့ လင်းဇင်းကုန်းသုဿန်မှာ မီးပူဇော်သြင်္ဂိုလ်ကြပါတယ်။
ဆရာတော်ရဲ့ဈာပနမှာ သံဃာ ၈၅ ပါးက သရဏဂုံတင်ကြပြီး၊ အခန်းအနားကိုမန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ လွှတ်တော်ကိုယ်စားလှယ် တချို့တက်ရောက်ခဲ့သလို၊ ထင်ရှားတဲ့ စာပေအနုပညာနယ်ပယ်ကပုဂ္ဂိုလ်တွေတက်ရောက်ခဲ့ကြပါတယ်။ မနက်ဖြန်မှာ အရိုးကောက်ပြီး အုတ်ဂူတည်မယ်လို့ စာရေးဆရာမင်းထက်ငြိမ်းချမ်းက RFA ကိုပြောပါတယ်။
"ပင့်သံဃာ ၈၅ ပါးကို ၉ နာရီမှာ သရဏဂုံတင်တဲ့အခမ်းအနားလုပ်တယ်၊ သံဃာတော်တွေ ရွတ်ဖတ်ပြီးတာနဲ့ ဈာပနကိုလည်း တောင်လေးလုံးကျောင်းတိုက် ထဲက သူဌေးဘုရား ရင်ပြင်မှာ လုပ်တယ်၊ သမိုင်းဌာနက အုတ်ဂူကိုတာဝန်ယူတယ်၊ ဒီနေ့တော့ မီးပူဇော်သြင်္ဂိုလ်တယ်၊ နက်ဖြန် ၈ နာရီမှာ အရိုးကောက်ပြီး အုတ်ဂူတည်မယ်၊ ဒေါက်တာသန်းထွန်းတို့အုတ်ဂူနဲ့ မနီးမဝေးမှာပဲ"
ဆရာတော်ဟာ ပျံလွန်တော်မူချိန်မှာ သက်တော် (၈၄)၊ ဝါတော် (၆၄) ရှိပြီဖြစ်ပါတယ်။ ဆရာတော် ဟာ ၁၉၅၅ ခုနှစ်ကစပြီး ဆောင်းပါးတွေ၊ ဝတ္ထုတိုတွေနဲ့ စာပေနယ်ထဲရောက်ခဲ့သလို၊ ဆရာဦးဝင်းတင် တာဝန်ယူတဲ့ဟံသာဝတီသတင်းစာနဲ့တခြားမဂ္ဂဇင်းတွေမှာလဲ ဆောင်းပါးတွေရေးသားခဲ့ပါသည်။ ၁၉၉၆ ခုနှစ်မှာ 'တောင်သမန်ဝန်းကျင် သမိုင်းဝင်နေရာများ' စာအုပ်နဲ့ အမျိုးသားစာပေဆု (သုတပဒေသာ ဝိဇ္ဇာဘာသာရပ်) ကိုရရှိခဲ့ပါတယ်။
နဝတ/နအဖ စစ်အစိုးရခေတ်တလျှောက် တင်းကြပ်ထားတဲ့ကြားက လူထုဒေါ်အမာမွေးနေ့တွေ ၊ စာပေအခန်းအနားတွေလက်ခံကျင်းပခွင့်ပေးခဲ့လို့ ဆရာတော့်ကျောင်းကို ထောက်လှမ်းရေးအဖွဲ့ တွေကစောင့်ကြည့်ခဲ့ပေမယ့်၊ ဆရာတော်ကကြံ့ကြံ့ခံရပ်တည်ခဲ့တဲ့အတွက်လဲ စာပေလောက သားတွေရဲ့ လေးစားကြည်ညိုမှုကိုရရှိခဲ့ပါတယ်။