ကျူးကျော်တွေကို မိုးတွင်းမှာမဖျက်ဖို့ လူ့အခွင့်အရေးကော်မရှင် ပြော


2017.06.29
hlegu-slum-house-620.jpg ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာ အုပ်စု အမြန်လမ်းဘေးမှာရှိတဲ့ ကျူးကျော်တဲအိမ်တွေကို ဇွန်လ ၁၂ ရက်နေ့က ဖယ်ရှားနေစဉ်
Photo: Aung Thain Kha/ RFA

ရန်ကုန်တိုင်းဒေသကြီးအတွင်းက တရားမဝင်ကျူးကျော်နေအိမ်တွေကို ဖယ်ရှားရှင်းလင်းရာမှာ လူသားချင်းစာ နာထောက်ထားတဲ့အနေနဲ့ မိုးတွင်းကာလတွေမှာ နေအိမ်တွေကိုမဖျက်ဖို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင်က နိုင်ငံတော်သမ္မတရုံးနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ မနက်ဖြန်ပေးပို့မယ့် အစီရင်ခံစာမှာ ထည့်သွင်းရေးသားထားပါတယ်။

လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု အမြန်လမ်းဘေးက ကျူးကျော်နေအိမ်တွေ ဖယ်ရှားခံရတဲ့ အရေးနဲ့ ပတ်သက်ပြီး ရေးသားတဲ့အစီရင်ခံစာမှာ အခုလိုထည့်သွင်းရေးသားထားတာဖြစ်တယ်လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် ကပြောပါတယ်။

"ရန်ကုန်မြို့ပေါ်မှာ အလားတူကျူးကျော်မှုတွေကို အခုလိုပဲဖျတ်သိမ်းဖို့ အစီစဉ်ရှိတယ်လို့ အန်ကယ်တို့ ကြားထားတာပေါ့နော်။ တရားမဝင်ကျူးကျော်သူတွေကို ဖျတ်သိမ်းတာကိုတော့ အန်ကယ်တို့ ကန့်ကွက်ရန် အကြောင်းမရှိပါဘူး။ သို့သော် ဖျတ်မယ်ဆိုလို့ရှိရင်တော့ လူသားချင်း စာနာထောက်ထားမှုအရ အခုလို မိုးရာသီမှာ မဖျတ်ဖို့၊ ကြိုတင်အသိပေးပြီးမှ ဖျတ်ဖို့၊ ဖျတ်ခံရတဲ့သူတွေအတွက် နေရာထိုင်ခင်းလေးတွေကို လိုအပ်သလို စီစဉ်ပြီးတော့မှ ဖျတ်ဖို့ နောက်တစ်ခုက စာသင်ကျောင်းတွေရှိခဲ့ရင်လည်း ကလေးတွေ စာသင်မပျက်ဖျတ်ဖို့ပေါ့ ၊ဒါလေးတွေတော့ အကြံပေးထားပါတယ်"

လူ့အခွင့်ရေးကော်မရှင်က လေ့လာတွေ့ရှိချက်အရ စခန်းကြီးကျေးရွာအုပ်စု အမြန်လမ်းဘေးက ကျူးကျော် နေအိမ် ၆ဝဝဝ ကျော်မှာ အမှန်တကယ်နေထိုင်နေတဲ့ အိမ်အလုံးရေ ၅ဝဝ ကျော်ရှိတယ်လို့ ပြောပါတယ်။

နေအိမ်တွေဖျက်ဆီးခံရတဲ့အတွက် အခက်အခဲဖြစ်နေတဲ့ မိသားစုတွေကို အစိုးရဘက်က တက်နိုင်သလောက် ကူညီပေးဖို့၊ စီးပွားဖြစ်လိမ်လည်ရောင်းချခဲ့သူတွေကို အရေးယူပေးဖို့နဲ့ ကျူးကျော်တဲတွေ များလာတာကို မသိချင်ယောင်ဆောင်နေခဲ့တဲ့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေကို အရေးယူပေးဖို့ကိုလည်း အစီရင်ခံစာမှာ ထည့်သွင်းရေးသားထားတယ်လို့ ပြောပါတယ်။

စခန်းကြီးကျေးရွာအုပ်စု အမြန်လမ်းဘေးက ကျူးကျော်နေအိမ်တွေမှာ နေထိုင်နေကြသူတွေအထဲမှာ ကျောင်းသား ၊ ကျောင်းသူ ၁၃ဝ ကျော်ပါဝင်ပြီး စာသင်ကျောင်းပါ ဖျတ်ခံထိတာကြောင့် ကျောင်းသားတွေ စာပြန်လည် သင်နိုင်ရေးအတွက် ဆောင်ရွက်ပေးဖို့ အကြံပြုထားတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။