ကျောင်းသားတွေကိုရော ရဲတွေကိုပါ အရေးယူဖို့ လူ့အခွင့်အရေးကော် မရှင် တိုက်တွန်း


2015.09.12
students-letpadan-620.jpg လက်ပံတန်းမြို့မှာ ရဲတပ်ဖွဲ့က ပိတ်ဆို့ထားရတဲ့ ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို မတ်လ ၄ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ ကျောင်းသားတွေကို လက်ပံတန်းမြို့မှာဖြိုခွင်းရာမှာ အဓိကရုဏ်းနှိမ်နင်းရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို မလိုက်နာဘဲ ဆောင်ရွက်ခဲ့တဲ့ ရဲတပ်ဖွဲ့က အရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေကို အရေးယူသင့်ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ အစီရင်ခံစာထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။

ကော်မရှင်က စုံစမ်းမေးမြန်းလို့ရလာတဲ့လေ့လာတွေ့ရှိချက်တွေကိုအခြေခံပြီး ရဲတပ်ဖွဲ့က အစီရင်ခံစာထုတ် တာဖြစ်တယ်လို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်က ပြောပါတယ်။

"အဓိကရုဏ်းဖြစ်တဲ့အချိန်မှာ EU နည်းနဲ့ တဆင့်ပြီးတဆင့် အဓိကရုဏ်းနှိမ်နင်းမှု မရှိဘူးပေါ့နော်၊ အဆင့်အတိုင်း မသွားတဲ့အတွက်ကြောင့် သူတို့မှာအပေါ်ကကွပ်ကဲတဲ့လူမှာလည်း တာဝန်ရှိတယ်၊ အောက်က အမိန့်မနာခံတဲ့လူတွေမှာလည်း တာဝန်ရှိတယ်ဆိုတော့ ကျနော်တို့က သက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေကို ရဲတပ်ဖွဲ့ဝင်တွေကို ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူဖို့ပြော ကြားခြင်းဖြစ်တယ်၊ နောက်ပြီးတော့ ဖြစ်စဉ်မှာပါဝင်ပြီးတော့ အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်ပြီးတော့ အရာဝတ္ထုတွေနဲ့ ပစ်ပေါက်တဲ့လူတွေကို ဖော်ထုတ်အရေးယူဖို့ ကျနော်တို့ တိုက်တွန်းခြင်းဖြစ်ပါတယ်"

ဒါ့အပြင် ရဲတပ်ဖွဲ့ဝင်တွေကို ရေသန့်ဗူးနဲ့ စတင်ပစ်ပေါက်ခဲ့သူတွေ၊ ရဲတပ်ဖွဲ့တွေရဲ့ ယာယီတဲတွေနဲ့ အတားအဆီးတွေကိုဖျက်ဆီးသူတွေ၊ တုတ်၊ ခဲ လက်နက်နဲ့ ပစ်ပေါက်သူတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူသင့်တယ်လို့လည်း ကော်မရှင်က ထောက်ပြထားပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဥက္ကဌ ကိုကျော်ကိုကိုကတော့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာဟာ လူ့အခွင့်အရေးရှုထောင့်က တင်ပြချက်တွေ မတွေ့ရပဲ အစိုးရမငြိုငြင်အောင် ရေးထားတာမျိုးဖြစ်နေတဲ့အတွက် နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းမမီတဲ့ အစီရင်ခံစာတစောင် ဖြစ်နေတယ်လို့ ဝေဖန်ပြောဆိုပါတယ်။

"နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အစီရင်ခံစာတွေမှာ အဆင့်အတန်း မီမှာမဟုတ်သလို လူ့အခွင့်အရေး ကော်မရှင်ကလည်း ဘက်မလိုက်တဲ့ အဖွဲ့အစည်းတစ်ခုမဟုတ်ဘဲနဲ့ အစိုးရကို လွန်ဆန်ပြီးတော့ ဆောင်ရွက်နိုင်ခြင်းတဲ့မရှိတဲ့ အဖွဲ့အစည်း တစ်ခုလို့ပဲမြင်တယ်၊ လက်ရှိအစိုးရ ယုံကြည်ပေးမယ့် စကားလုံးတွေကို ဆောင်ရွက်ထားပြီးတော့ မှ နှစ်ဦးနှစ်ဘက်စလုံးကို အပြစ်မြင်ထားတဲ့ လေသံမျိုးတွေနဲ့ တွေ့မြင်နေရတဲ့အတွက်ကြောင့်မို့လို့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ လုံးဝမမီနိုင်တဲ့ အစီရင်ခံစာတစ်စောင်လို့ပဲ ကျနော်တို့ ပြောချင်တာပေါ့ခင်ဗျ"

ဒီအတောအတွင်းမှာပဲ မန္တလေးမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရတနာပုံတက္ကသိုလ်က ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဉာဏ်လင်းထက်နဲ့ ကိုဂျစ်တူးတို့ဟာ ကျောင်းတက်နေဆဲဖြစ်တဲ့အတွက် စာမေးပွဲဖြေခွင့်ရအောင်၊ အာမခံနဲ့လွှတ်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သီးသန့်ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော်ကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဥက္ကဌ ကိုကျော်ကိုကို ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။