ဈေးသည်များအား NLD ၏ အတိုးမဲ့ ချေးငွေအစီအစဉ် အောင်မြင်နေ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရန်ကုန်တိုင်းအတွင်း ပျံကျဈေးသည်တွေကို အတိုးမဲ့ အသေးစား ငွေချေးပေးနေတဲ့ အစီအစဉ်ဟာ အောင်မြင်မှု ရနေတယ်လို့ သိရှိပါတယ်။

2011.03.08
bazaar_market_poverty_305_z.png ရန်ကုန်မြို့လယ်၊ လမ်းမတော်ဈေးတွင် ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များ ကုန်စည်မျိုးစုံ ရောင်းချနေပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေးချက်အရ ၊ ရန်ကုန်တိုင်း တာမွေမြို့နယ် ရာပြည့်ဈေးက ခေါင်းရွက်ဗျတ်ထိုး ဈေးသည် အယောက် ၅၀ ကို တယောက်အတွက် တလကို ကျပ် ၂ သောင်း ထုတ်ချေးပေးနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ပြုလုပ်ခဲ့တဲ့ ထောင်ထဲမှာ ကွယ်လွန်သူ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းရဲ့ အနှစ်နှစ်ဆယ်ပြည့် အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် အားပေးခဲ့တုန်းက အမျိုးသမီးတွေနဲ့ တွေ့ခဲ့ပြီး၊ သူတို့ရဲ့ နေ့စဉ်ဘဝ အခက်အခဲတွေ ကြားသိခဲ့ရလို့ ကူညီဖို့ စဉ်းစားခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက် ဈေးသည်တွေကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီး ငွေချေးတဲ့အစီအစဉ်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ခဲ့တာပါ။ အခု တလကုန်လို့ ပြန်လည် သုံးသပ်တဲ့အခါ ငွေချေးတဲ့ ဈေးသည်တွေက အားလုံးကို ပြန်ဆပ်တာ တွေ့ရတယ်လို့ သိရပါတယ်။

ဒါကြောင့် အခုနောက်ထပ် တလအတွက် ငွေထုတ်ချေးပေးနေပြီး၊ ဒီအစီအစဉ်ကို စုစုပေါင်း ၆ လ စမ်းသပ်မယ်လို့ ဆိုပါတယ်။ အောင်မြင်ရင် ဒီထက်ပို ပြီး နေရာ တော်တော်များများမှာ ချေးပေးနိုင်ဖို့ ကြိုးစားမယ်လို့ ပြောပါတယ်။

ဒီ အစီအစဉ်နဲ့ ပတ်သက်လို့ ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ မေဝင်းမြင့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။