မဲဆောက်ရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ မေဒေးနေ့ ကျင်းပ

ဒီကနေ့ ကျရောက်တဲ့ (၁၂၂) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ မေဒေးနေ့ အခမ်းအနားကို တ့ာခ်ခရိုင် မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်း အလုပ်သမား (၂၀၀၀) လောက်ပါဝင် ပူးပေါင်းပြီး ကျင်းပခဲ့ပါတယ်။

2012.05.01
may-day-maesot-b305 (၁၂၂) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ မေဒေးနေ့ အခမ်းအနားကို ထိုင်းနိုင်ငံ တ့ာခ်ခရိုင် မဲဆောက်မြို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများက မေလ ၁ ရက်နေ့က ချီတက် ကျင်းပနေစဉ်။
RFA

ဒေသတွင်း အလုပ်သမားအရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ ထိုင်းအစိုးရ တာဝန်ရှိသူတွေ၊ လုပ်ငန်းရှင်နဲ့ အလုပ်သမား ကာကွယ်ရေးဌာနတို့ နဲ့ ပူးပေါင်းပြီး ကျင်းပခဲ့ပါတယ်။

အခမ်းအနား မစတင်ခင် မနက်စောစောပိုင်းမှာ အခမ်းအနား ပြုလုပ်မယ့် ဆပ်ဖဝိထယားခုန်းမ် ထိုင်းစာသင်ကျောင်းရှိရာကို အလုပ်သမားအရေး လုပ်ဆောင်တဲ့ အဖွဲ့အစည်းက တာဝန်ရှိသူတွေနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း တစ်ထောင်နီးပါး လောက်က အလုပ်သမား အခွင့်အရေးနဲ့ ပတ်သက်တဲ့ လက်ကိုင် ပိုစတာတွေ ကိုင်ဆောင်ပြီး မဲဆောက်မြို့ ရဲစခန်းကနေ လမ်းလျှောက် ချီတက်ခဲ့ပါတယ်။

ချီတက်ရာမှာပါဝင်တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးက အခုလို ပြောပါတယ်။

"မေဒေးနေ့ဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ (၈) နာရီအလုပ်လုပ်မယ် (၈)နာရီပျော်မယ် (၈) နာရီနားမယ် ကျနော်တို့ ဒါမျိုး ဆောင်ပုဒ်လေးတွေလည်း ပါတယ်။ ကျနော်တို့ အလုပ်သမားတွေလည်း အတွေ့အကြုံ ရအောင် နောက် မေဒေးနေ့မှာ ကျနော်တို့ အလုပ်သမား စက်ရုံပေါင်းစုံက ပါဝင် ဆင်နွှဲတဲ့အတွက်ကြောင့် ကျနော်တို့ အရမ်းဝမ်းသာတယ်။"

မေဒေးနေ့ အခမ်းအနားကို တာ့ခ်ခရိုင်မှူး နိုင်စုရိယ က အဖွင့်အမှာ စကားပြောကြားပြီး မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူး၊ စက်မှုလုပ်ငန်းရှင်ကြီးများ အသင်းဥက္ကဌနဲ့ အစိုးရဌာနဆိုင်ရာ ပုဂ္ဂိုလ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

အလားတူ မေးဒေးနေ့ အခမ်းအနားကို ရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်နေတဲ့ အဖွဲ့ (၁၃) ဖွဲ့ပါဝင်တဲ့ Migrant CBO Network group က ဦးဆောင်ပြီး မဲဆောက်မြို့ ယူဂျီယာ ခမ်းမမှာလည်း ပြုလုပ်ခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ရဲ့ ရုံးအဖွဲ့မှူး ကိုမျိုးဇော်က မဲဆောက်ရှိ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေရတဲ့ အခြေအနေ အခက်အခဲတွေ၊ လုပ်ခလစာနဲ့ အလုပ်ပိတ်ရက်၊ အပြည့်အဝမရတာတွေ ကျန်းမာရေးစောင့်ရှောက်မှု စတဲ့ အလုပ်သမား အခွင့်အရေး ဆုံးရှုံးမှုတွေကို တင်ပြသွားပါတယ်။ ဒါ့အပြင်သူဆက်ပြောတာက-

"ဒီအခြေအနေတွေ က ဒီမေဒေးနေ့ ဖြစ်ပေါ်လာတဲ့ လွန်ခဲ့တဲ့ (၁၂၂) နှစ်ကျော်က အလုပ်သမားတွေ ခံစားရတဲ့ အခြေအနေနဲ့ အလားသဏ္ဍန် တူတယ်။ အဲဒီအခြေအနေတွေ ဖြစ်နေတဲ့အခါကြတော့ ဒီနေ့တွေက အလုပ်သမားတွေ အခွင့်အရေး တိုက်ပွဲကို ရအောင်လုပ်ခဲ့တဲ့နေ့ ဆိုတာကို သူတို့ သိစေချင် တယ်။ မေဒေးစိတ်ဓါတ် ကိုယ့်အခွင့်အရေးကို တိုက်ရဲတဲ့ စိတ်ဓါတ်တွေ ပေါ်လာမယ်လို့ ယူဆတယ်၊ အဲဒါကြောင့်မို့လို ကျနော်တို့က ဒီမေဒေးနေ့ အခမ်းအနားကို နှစ်စဉ် ကျင်းပရခြင်း ဖြစ်တယ်။"

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသတွင်းမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂-သိန်းခွဲကျော် ရှိပြီး အလုပ်သမား ငါးသောင်းခွဲလောက်သာ အလုပ်သမား လက်မှတ်လုပ်နိုင်ပြီး ပတ်စပို့ လုပ်နိုင်သူ ၂ သောင်း ဝန်းကျင်လောက်သာ ရှိသေးတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။