မြန်မာအလုပ်သမားတွေ ချင်းမိုင် နည်းပညာကောလိပ် တက်ရောက်နိုင်မည်
2016.10.19

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်တွေ ပညာသင် ကြားနိုင်ဖို့အတွက် မြန်မာနိုင်ငံသားတွေရဲ့ ပညာရေး အကူအညီပေးနေတဲ့ BEAM ပညာရေးဖောင်ဒေးရှင်း နဲ့ ချင်းမိုင်အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာကောလိပ်တို့ မနေ့က နှစ်ဖက်သဘောတူ နားလည်မှု MOU လက်မှတ်ရေးထိုးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပြန်လည်သင်ကြားပို့ချနိုင်မယ့် ဆရာ ဆရာမတွေ ပေါ်ထွက်လာဖို့အတွက်လည်း ရည်ရွယ်တယ်လို့ BEAM ပညာရေးဖောင်ဒေးရှင်းအဖွဲ့ ဒါရိုက်တာ ဦးကျော်ကျော်မင်းထွဋ္ဋ် က ပြောပါတယ်။
"ရည်ရွယ်ချက်အခြေခံကတော့ ကျနော်တို့ မြန်မာအလုပ်သမားတွေ အပါအဝင်ပေါ့၊ ဒီကျောင်းတွေကို Vocational College လိုမျိုးပေါ့၊ အဲ့လိုတက်ခွင့်မရတဲ့ အခွင့်အရေးမရှိတဲ့သူတွေပေါ့ တက်နိုင်အောင်ဆိုတဲ့ အခြေခံရည်ရွယ် ချက်နဲ့ထိုးတာပါ၊ ဒါပေမဲ့ အဲ့ထဲမှာ ကျနော်တို့ ထပ်ဆင့်ပါတာကြတော့ နှစ်နိုင်ငံကြားမှာ Technical Skill exchange လုပ်ဖို့ကိစ္စ ဆိုလိုတာက မြန်မာနိုင်ငံမှာရှိနေတဲ့ ပြည်နယ်နဲ့ တိုင်းမှာရှိတဲ့ပေါ့နော် Trainer ဖြစ်နိုင် မယ်လို့ ယူဆတဲ့သူတွေကိုလည်း ခေါ်ပြီးတော့ ဒီမှာ Train ပေးဖို့ကလည်းပါပါတယ်။ နောက်ပြီးတော့ နှစ် ဖက်နိုင်ငံမှာ နည်းပညာဖလှယ်ဖို့ကိစ္စလည်းပါပါတယ်။ နောက်တခုကကြတော့ ဒီ Technical Skill မြင့်လာဖို့ ကိစ္စကို ဒီ Framework ဆောက်ဖို့နဲ့ နောက်ပြီးတော့ ဒီ Skill Training တွေကို အခွင့်အရေးမရှိတဲ့ သူတွေ ကောင်းမွန်စွာ တက်နိုင်အောင်ဖို့အတွက် နည်းလမ်းပေါ့နော် အတူတူရှာဖွေဖို့ အဲ့ဒါလည်း ပါပါတယ်။"
နှစ်ဖက်သဘောတူ နားလည်မှုစာချွန်လွှာ လက်မှတ်မရေးထိုးခင် မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား ၁၅ ဦးကို ပြီးခဲ့တဲ့ ဇွန်လက စမ်းသပ်ပညာသင်ပေး ခဲ့ပြီး အောင်မြင်မှုရရှိခဲ့တဲ့အတွက် တရားဝင်သင်ကြားမှုတွေ လက်ခံသင်ကြားဖို့ သဘောတူခဲ့ကြတာဖြစ်ပါတယ်။
ချင်းမိုင် အသက်မွေးဝမ်းကြောင်းဆိုင်ရာ နည်းပညာကောလိပ်မှာ လက်ရှိ အသက်မွေးဝမ်းကြောင်း ပညာရပ် ၁၀၀ ကျော် သင်ကြားပေးနေပေမယ့် မြန်မာနိုင်ငံ သားတွေနဲ့ကိုက်ညီတဲ့ အသက်မွေးဝမ်း ကြောင်းပညာရပ် ၄၀ ကျော် သင်ကြားခွင့်ရမှာဖြစ်ပါတယ်။
အသက်မွေးဝမ်းကြောင်း ပညာသင်ကြားလိုသူတွေဟာ သင်တန်းအပ်ခအဖြစ် ထိုင်းငွေ ဘတ် ၃၆၀ ကုန်ကျမှာဖြစ်ပြီး သင်တန်းကာလက နာရီ ၅၀ ဒါမှမဟုတ် သုံးလခန့် ကြာမြင့်မှာဖြစ်တယ်လို့ သိရပါတယ်။ ပညာသင်ကြားမှုပြီးဆုံးတဲ့အခါ အာဆီယံနိုင်ငံတွေအပြင် နိုင်ငံပေါင်း ၆၀ က လက်ခံ ထားတဲ့ အောင်လက်မှတ် ကို ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
BEAM Education Foundation အဖွဲ့ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂၀၀၉ ခုနှစ်မှာ တရားဝင် အခြေစိုက် တည်ထောင်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုဖြစ် ပြီး မြန်မာနိုင်ငံကနေ ရွှေ့ပြောင်းနေထိုင် အလုပ်လုပ်ကိုင်နေကြ တဲ့ မြန်မာနိုင်ငံသားတွေအတွက် အဆင့်မြင့် ပညာရေး၊ အသက်မွေးဝမ်းကြောင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပညာပေး အစီအစဉ်နဲ့ အခွင့်အလမ်းတွေကို ကူညီပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။