ထိုင်းနိုင်ငံ မဲဆောက်က မြန်မာအလုပ်သမားတွေ ကိုဗစ်ဆေး ထိုးခွင့်ရ

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပထမဆုံးအကြိမ်အဖြစ် ဒီနေ့ကစပြီး ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့ တစ်ဘက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့က စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ် လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေတာလို့ မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
ကာကွယ်ဆေးထိုးဖို့ စာရင်းကြိုပေးရပြီး အလုပ်ရှင်ထောက်ခံချက်၊ အလုပ်လုပ်နေကြောင်း အထောက်အထား တွေ လိုအပ်ပါတယ်။ လောလောဆယ် စာရင်းပေးထားတဲ့ မြန်မာအလုပ်သမားတွေက ခုနစ်ထောင်လောက် ရှိတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံသား တချို့ ကာကွယ်ဆေးထိုးပြီး သေဆုံးမှုတွေ ရှိနေလို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကြားမှာလည်း ကာကွယ်ဆေးထိုးဖို့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ မဲဆောက်မြို့မှာ ကိုဗစ်ရောဂါ ကူးစက် ခံရသူတွေ ရာနဲ့ချီရှိပြီး အဲဒီမှာ မြန်မာနိုင်ငံသားတွေ အများဆုံး ကူးစက်ခံရပါတယ်။
အခုထိ မြန်မာရွှေ့ပြောင်းအလုပ်သမား ခုနစ်ဦး သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။
မဲဆောက်မြို့ အပါအဝင် တာခ်ခရိုင်မှာ ကိုဗစ်ရောဂါ ကူးစက်မှု မြင့်တက်လာလို့ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး အနီရင့်ရောင် နယ်မြေအဖြစ် သြဂုတ်လ ၃ ရက်နေ့ကစပြီး အသွားအလာ ကန့်သတ်ထားပါတယ်။ အနီရင့်ရောင် သတ်မှတ်ထားတဲ့ ဘန်ကောက်မြို့ အပါအဝင် ခရိုင် ၂၉ ခုကို နောက်ထပ် နှစ်ပတ် ထပ်တိုးလိုက်ပြီး သြဂုတ်လ ၃၁ ရက်နေ့ထိ အသွားအလား ကန့်သတ်ထားမယ်လို့ ထိုင်းဝန်ကြီးများ အစည်းအဝေးကနေ သြဂုတ်လ ၁၆ ရက်နေ့ ဆုံးဖြတ်လိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှု မြင့်တက်နေတုန်းပဲ ဖြစ်ပြီး တစ်ရက်မှာ နှစ်သောင်းကျော် ကူးစက် ခံနေရပါတယ်။ ဒီကနေ့ သြဂုတ်လ ၁၇ ရက်နေ့မှာ ကိုးဗစ်ကူးစက်သူ လူနာသစ် ၂၀၁၂၈ ဦး၊ ၂၃၉ ဦး သေဆုံးတယ်လို့ ထိုင်းကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။