မိုင်းလားမှာ ရွှေ့ပြောင်းအလုပ်သမားတွေ အဖမ်းခံရပြီး အလုပ်ကြမ်းတွေလုပ်နေရ
ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားမြို့နယ် ဆီလူးဒေသမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဒေသအာဏာပိုင်တွေက တရားမဝင်ရောက်လာတယ်ဆိုပြီး ဖမ်းဆီး ထောင်ချကာ အလုပ်ကြမ်းတွေ ခိုင်းစေနေတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူတွေက RFA ကို ပြောပါတယ်။
ဆီလူးဒေသမှာ အလုပ်လုပ်ကိုင်နေသူတွေကို ဒေသအုပ်ချုပ်ရေး ရဲတွေက ကိုဗစ် စစ်ဆေးမယ်ဆိုပြီး အကြောင်းပြကာ ကျက်တူစိုးထောင်နဲ့ ကျက်လွယ်စိုးထောင် တို့ကို ပို့ဆောင်ခံခဲ့ရတယ်လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ လွတ်မြောက်သူတစ်ဦးက ပြောပါတယ်။
"ကျွန်တော်က ၁၀ လပိုင်း ၄ ရက်နေ့က ထွက်ပြေးလာတာဗျ။ ကျွန်တော်နဲ့အတူတူ ခုနစ်ယောက်ပါတယ်။ ကျွန်တော်အပါအဝင် ရှစ်ယောက်ပေါ့။ ကျွန်တော်တို့ကို ထောင်ချထားတာက ငါးလကျော် ချထားပြီးပြီ။ ခြောက်လလောက်နေရင် ပြန်လွှတ်မယ်လို့ မှန်းထားတာ။ ငါးလကျော်မှ ဆီလူးရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး က ထောင်ထဲလာပြီး တစ်ယောက်ချင်းစီ နာမည်ခေါ်ပြီးမှ ထောင် နှစ်နှစ်ဆိုပြီး အမိန့်ချတာ။ စာရွက်ကလေးနဲ့ပဲ လာပြောသွားတာ"
သူဖမ်းဆီးခံခဲ့ရတဲ့ ကျက်တူစိုးထောင်မှာဆိုရင် အဆောင်တစ်ဆောင်၊ အခန်း ခြောက်ခန်းပါရှိပြီး ၃၅ ပေ ၃၀ ဝန်းကျင် အကျယ်ရှိ အခန်းတစ်ခန်းမှာ လူ ၄၀ ကနေ ၇၀ လောက် နေထိုင်ရတယ်လို့ ပြောပြပါတယ်။
ဗမာနဲ့ ရခိုင်လူမျိုးအများစုတို့ ဖြစ်ကြပြီး တရားမဝင် ဝင်ရောက်လာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်လုပ်ရင်းကနေ အဖမ်းခံရသူ အယောက် ၇၀ ဝန်းကျင်လောက် ရှိနေတယ်လို့ ပြောပါတယ်။
ဖမ်းဆီးထားသူတွေကို ပုဂ္ဂလိက ကြံစိုက်ခင်းတွေမှာ အလုပ်ကြမ်းလုပ်ဖို့အတွက် လုံခြုံရေးဝန်ထမ်း တချို့နဲ့အတူ ခေါ်သွားလေ့ရှိသလို အဲဒီကြံစိုက်ခင်းကနေ ထွက်ပြေးလွတ်မြောက်သူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံတွေထဲမှာ အသက် ၁၄ နှစ်သာရှိသေးတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ဆင်ဘုတ်တိုက်နယ် အုပ်စု ရွာမကျေးရွာက မောင်ဝေဖြိုးလင်းလည်း ရှစ်လကြာ ဖမ်းဆီးခံခဲ့ရသလို မြေပုံမြို့နယ်၊ ဆင်ကျပ်ကျေးရွာ က ကိုကျော်ကျော်မိုး ဆိုသူဟာလည်း သူ့ကိုထင်းခုတ်ခိုင်းချိန်မှာ ထွက်ပြေးရာကနေ ရဲက ပစ်ခတ်တာကြောင့် ဘယ်ဘက် တင်ပါးမှာ ကျည်ဆန်ထိမှန်ခဲ့တဲ့လို့ ဆေးကုသမှု ခံယူနေရတယ်လို့ ပြောပြပါတယ်။
မိုင်းလားဒေသဟာ ငြိမ်းချမ်းရေးနဲ့စည်းလုံးရေးကော်မတီ/ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် PSC/NDAA ရဲ့ ဒေသ သုံးခုထဲက တစ်ခုဖြစ်ပြီး ဒီလိုဖမ်းဆီးထောင်ချပြီး အလုပ်ကြမ်းအဖြစ် ခိုင်းစေမှုတွေဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကစပြီး ရှိနေတာဖြစ်တယ်လို့ လွှတ်မြောက်လာသူက ပြောပါတယ်။
မိုင်းလားဒေသဟာ မူလက ဗမာပြည်ကွန်မြူနစ်ပါတီ ၈၁၅ ရဲ့ စစ်ဒေသဖြစ်ပြီး မိုင်းယန်းဆီလူးဒေသရှိ တပ်မဟာ ၇၆၈ နဲ့ပူးပေါင်းပြီးနောက် ၁၉၈၉ ခုနှစ် နဝတ စစ်အစိုးရလက်ထက်မှာ ရှမ်းပြည်အထူးဒေသ (၄) အဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။