အိုမန်နိုင်ငံ ဆန္ဒပြပွဲများကြောင့် မြန်မာလုပ်သားများ လုံခြုံရေးစိုးရိမ်
2011.03.02

အိုမန်အပါအဝင် အာရပ်နိုင်ငံတွေ အတော်များများမှာ ရှိတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို သူတို့ရဲ့ သက်ဆိုင်ရာ အစိုးရ သံရုံးတွေက လုံခြုံရေးအရ အမြဲတမ်း သတိပေးချက်တွေ ထုတ်ပြန်ပြီး အနီးကပ် ဂရုစိုက်နေကြပေမဲ့ မြန်မာသံရုံးတွေကတော့ လုံခြုံရေးအရ ဘာမှ ဆက်သွယ် ဆောင်ရွက်တာ မရှိဘူးလို့ အိုမန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးတဦးက ပြောပါတယ်။
“ကျွန်မ အဲဒီ အတွက်ကတော့ လုံခြုံရေးကတော့ စိုးရိမ်စိတ်ကတော့ ရှိလာနိုင်တယ်။ ဘာလို့တုန်း ဆိုတဲ့အခါကျတော့ အခု သူတို့ အဓိက ဆန္ဒပြတဲ့ အကြောင်းရင်းက များသောအားဖြင့်က နိုင်ငံခြားသားတွေ များတာကိုး။ နိုင်ငံခြားသားတွေ များတဲ့အခါကျတော့ ပုံမှန်နိုင်ငံသား အများစုကတော့ သူတို့ အလုပ်အခွင့်အရေး နည်းပါးတယ်ပေါ့နော်။ အဲဒီအချက်လည်း ပါတယ်။ ဆိုတော့ ကျွန်မတို့ ဒီမှာလာ အလုပ်လုပ်တဲ့ နိုင်ငံခြားသားတွေလည်း စိတ်ပူကြတာပေါ့နော်။”
“ခုထက်ထိတော့ သံရုံးကတော့ ကျွန်မတို့ကို ဘာမှ အကြောင်းမကြားပါဘူး။ ကျွန်မတို့ကတော့ များသောအားဖြင့်ကတော့ ပတ်စပို့ သက်တမ်းတိုးဖို့တို့၊ ဒီ အခွန်ဆောင်ဖို့ ကိစ္စတွေ ဆိုရင်တော့ ကိုင်ရို၊ အီဂျစ်ကို ဆက်သွယ်ပါတယ်။ ဒါပေမဲ့ ဒါမျိုးကိစ္စအတွက် ကျွန်မတို့ကို ဘာမှတော့ အကြောင်းမကြားပါဘူး။ အခြေအနေကတော့ ဘာမှန်းမသိတဲ့အခါကျတော့ စိတ်တော့ ပူနေကြတယ်။”
အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားတွေ ပြီးခဲ့တဲ့ ၂ ရက်က မီးရှို့ခဲ့တဲ့ အိုမန်နိုင်ငံ မာ့စ်ကပ်မြို့တော်က ခေတ်မီ ကုန်စုံဆိုင်ကြီးမှာလည်း မြန်မာနိုင်ငံသားတချို့ အလုပ်လုပ်ကြတယ်လို့ သိရပါတယ်။
အိုမန်နိုင်ငံမှာ မြန်မာနိုင်ငံသား တထောင်ကျော် ရှိပြီး ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေမှာ အဆင့်မြင့် ဝန်ထမ်းတွေ အနေနဲ့ အလုပ် လုပ်ကိုင်နေကြသူတွေ ရှိသလို မြန်မာအများစုကတော့ ဆောက်လုပ်ရေးအလုပ်တွေမှာ လုပ်ကိုင်နေကြရတယ်လို့ သိရပါတယ်။
အဲဒီ နိုင်ငံဟာ ရေနံပေါကြွယ်ပေမဲ့ နိုင်ငံသားတွေအကြား အလုပ်လက်မဲ့ များပြားနေတာနဲ့ နိုင်ငံရေး လွတ်လပ်ခွင့် နည်းပါးလှတာကြောင့် အုပ်ချုပ်သူ စူလတန် စော်ဘွားကို ပြည်သူတွေက မကျေမနပ်ဖြစ်ပြီး ဆန့်ကျင် ဆန္ဒပြနေကြပါတယ်။