ရိုဟင်ဂျာအရေး ကုလအရေးယူဖို့ အမေရိကန်သမ္မတ ပြောကြား
2017.09.21
မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ဖိနှိပ်အကြမ်းဖက်နေတာတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ ခိုင်မာမြန်ဆန်စွာ အရေးယူဆောင်ရွက်စေချင်တဲ့အကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။
နယူးယောက်မြို့မှာ မနေ့က ကျင်းပခဲ့တဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ အမေရိကန်သမ္မတရဲ့ သဘောထား ကို ဒုတိယသမ္မတ မိုက်ပဲင့်စ်က အခုလို ထုတ်ဖော်ပြောကြားလိုက်တာပါ။
ဒီပြဿနာဟာ ကမ္ဘာကို ခြိမ်းခြောက်လာနေတယ်လို့လည်း ပြောပါတယ်။ မြန်မာတပ်မတော်ဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေကို လက်တုန့်ပြန်ရာမှာ လက်လွတ်စပယ် သတ်ဖြတ်တာ၊ ရွာတွေမီးရှို့တာနဲ့၊ ရိုဟင်ဂျာတွေ မနေနိုင်အောင် မောင်းထုတ်တာတွေ ပါဝင်ကြောင်း၊ ဒီအကြမ်းဖက် နှိပ်စက်တာတွေကို တရားဥပဒေနဲ့အညီ မရပ်တန့်နိုင်ခဲ့ရင် ပိုပြီး ဆိုးဝါးလာဖို့သာရှိကြောင်း၊ ဒီလုပ်ရပ်တွေကနေ နောင်မျိုးဆက် များစွာအထိ ဒေသတွင်းမှာ အမုန်းတရားနဲ့ ကစဉ့်ကလျား ပဋိပက္ခတွေ ပေါက်ဖွားရှင်သန်လာပြီး မိမိတို့အားလုံးကိုပါ ခြိမ်းခြောက်လာမှာ ဖြစ်ကြောင်း အမေရိကန် ဒုသမ္မတက ပြောပါတယ်။ ဒီပြောကြားချက်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရရဲ့ အပြင်းထန်ဆုံး ပြောကြားချက်လည်း ဖြစ်ပါတယ်။
တချိန်ထဲမှာပဲ ရခိုင်ပြည်နယ် ဒုက္ခသည်များအရေးနဲ့ ပတ်သက်လို့ လူသားချင်းစာနာမှု အကူအညီအဖြစ် နောက်ထပ် အမေရိကန်ဒေါ်လာ ၃၂ သန်း ပေးအပ်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ကြေညာလိုက်တဲ့ အတွက် အခုနှစ်အတွင်း မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက် အမေရိကန်ရဲ့ အကူအညီ စုစုပေါင်း ဒေါ်လာ ၉၅ သန်း နီးပါး ရှိသွားပြီလို့ သိရပါတယ်။