ခရစ်ယာန်ဘာသာအပေါ် စစ်တပ်ရဲ့ မထီမဲ့မြင်လုပ်ရပ် ချင်းပြည်နယ်မှာ ကန့်ကွက်
2021.09.20
ချင်းပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ ပြုမူလုပ်ဆောင်မှုတွေဟာ ဘာသာရေးနဲ့ လူမျိုးရေးအသွင်ဆောင်တဲ့ ပြည်တွင်းပဋိပက္ခတွေ ဖြစ်ပေါ်လာစေနိုင်လို့ ချင်း နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အနေနဲ့ အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း မနေ့က ရက်စွဲနဲ့ သဘောထားထုတ်ပြန်ခဲ့တာပါ။
ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသခံ CDF အဖွဲ့တို့အကြား တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က အင်အားအလွန်အကျွံ အသုံးပြုတာကြောင့် မြို့ပေါ်လူနေအိမ် အချို့ မီးလောင်ခဲ့သလို ထန်တလန် ရာပြည့် နှစ်ခြင်းခရစ်ယာန်အသင်းတော်က သင်းအုပ်ဆရာတစ်ပါး ဖြစ်တဲ့ ပါစတာကျုံးဗျက်ဟုမ်း ဟာ စစ်တပ်က ပစ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့ပါတယ်။
အဲဒီ သင်းအုပ်ဆရာတော်ရဲ့ နာရီ၊ ဖုန်းနဲ့ မင်္ဂလာ ရွှေလက်စွပ်တွေကိုလည်း လက်ချောင်းတွေကိုဖြတ်ပြီး လုယူသွားတာကို တုန်လှုပ်ချောက်ချားဖွယ် တွေ့ရှိရတယ်လို့လည်း ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်တပ်ရဲ့လုပ်ရပ်ကို လက်ခံနိုင်စရာ အကြောင်းမရှိဘူးလို့ ချင်း နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဦးလော့ဟာလင်းရ်က RFA ကို ပြောပါတယ်။
"ဒီလိုဖြစ်ပွားတဲ့အခါမှာ ပြည်သူနဲ့ ရန်သူကို မခွဲခြားနိုင်တဲ့ အနေအထားမျိုး မဖြစ်ရဘူး။ စစ်တိုက်တယ် ဆိုပြီးတော့ ရမ်းပြီးတော့ အဲဒါတွေ မဖြစ်ရဘူးလေ။ နောက်တစ်ခုက ရပ်ထဲ၊ ရွာထဲမြို့မှာ ဖြစ်ကတတ်ဆန်း ရိုင်းရိုင်းစိုင်းစိုင်း နမော်နမဲ့ ပြုမူတဲ့ အပြုအမူတွေဟာ တိုင်းပြည်တစ်ခု၊ အစိုးရတစ်ခုမှာ ဖြစ်ကို မဖြစ်ရမယ့် ကိစ္စတစ်ခု ဖြစ်တယ်။ လောလောဆယ်တော့ ဒီလိုသာဆက်ပြီးတော့ ဖြစ်သွားမယ်ဆိုရင် နိုင်ငံရေး ပဋိပက္ခသာမကပဲ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေ ပိုမို ကြီးထွားစရာအကြောင်း ရှိတယ်။ ကျွန်တော်တို့ ပြောတာက ကြီးထွားစရာ အကြောင်းရှိတဲ့အတွက် ကျွန်တော်တို့က အပြင်းအထန် ရှုံ့ချကန့်ကွက်တဲ့ အနေအထား ရှိတယ်"
သင်းအုပ်ဆရာရဲ့ ဒဏ်ရာဒဏ်ချက် အနေအထားအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာလို့ ယူဆရသလို လက်ကိုဖြတ်ပြီး ပစ္စည်းကို ယူသွားတဲ့ကိစ္စဟာလည်း ဘယ်လိုမှ မဖြစ်သင့်ဘူးလို့လည်း ပြောပါတယ်။
စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ်မှာ မြန်မာစစ်တပ်ဟာ ချင်း နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေမှာ တပ်စွဲတာ၊ ဘာသာရေးအဆောက်အအုံအတွင်း အရက်သေစာ သောက်စားတာ၊ သမ္မာကျမ်းစာတွေနဲ့ ဓမ္မသီချင်း စာအုပ်တွေကို ဖျက်ဆီးတာ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဘုရားရှိခိုးကျောင်း အဆောက်အအုံတွေကို ပစ်ခတ်ဖျက်ဆီးတာတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
တိုက်ပွဲတွေမှာ လက်နက်ကြီးတွေကို အလွန်အကျွံ အသုံးပြုပြီး မြို့ရွာတွေက လူနေအိမ်တွေကို မီးလောင် ပျက်စီးစေပြီး ဘာသာရေး အဆောက်အအုံတွေလည်း ပျက်စီးစေတဲ့ အပြုအမူတွေဟာ ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားကို စော်ကားတာဖြစ်သလို ဘာသာကို သက်ဝင်ယုံကြည်တဲ့ လူမျိုးကိုပါ မထီမဲ့မြင်ပြုရာ ရောက်တယ်လို့လည်း ချင်း နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ ကချင် နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ကလည်း သင်းအုပ်ဆရာတော် ကွယ်လွန်ခဲ့ရတဲ့အပေါ် ထိတ်လန့်ဝမ်းနည်းရကြောင်း ဒီနေ့ စက်တင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သင်းအုပ်ဆရာ ပါစတာကျုံးဗျက်ဟုမ်း လူမဆန်စွာ သတ်ဖြတ်ခံခဲ့ရတာ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း၊ သာသနာ့နယ်မြေတွေ ဖျက်ဆီးတာ၊ ဓမ္မအမှုတော်ဆောင်၊ အသင်းသူ အသင်းသားနဲ့ ပြည်သူတွေအပေါ် အသက်အန္တရာယ် ကျရောက်စေတဲ့ အပြုအမူတွေကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့လုပ်ရပ်ဟာ လူသားမဆန်တာကြောင့် အခုလိုထုတ်ပြန်တာလို့ ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဒေါက်တာ ခလမ်ဆန်ဆွမ် RFA ကို ပြောပါတယ်။
"၁၉ ရက်နေ့မှာ CBC ကနေ စာထွက်လာတယ်။ အဲဒီအပေါ်မှာ ကချင် နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် အနေနဲ့လည်း ထပ်တူထပ်မျှ ဝမ်းနည်းခံစားရကြောင်း ကျွန်တော်တို့ ထုတ်ပြန်ထားပါတယ်။ ထိုနည်းတူ ဆရာ Cung Biak Hum ရဲ့ အသတ်ခံရမှုကလည်း တော်တော့်ကို လူသားမဆန်တာကြောင့် ထုတ်ပြန် ထားပါတယ်။ ဘုရားသခင်ရဲ့ အမှုတော်ဆောင်တွေဆိုတာ လူထုဘက် ရပ်တည်ရတယ်။ လူထုနဲ့ ကျွန်တော်တို့ သွားနေရတယ်ဆိုတော့ လူထုဘက် ရပ်တည်ရင် အုပ်ချုပ်တဲ့လူတွေအပေါ်မှာ ဆန့်ကျင်တဲ့ ပုံစံမျိုးရှိရင် ရှိနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရပ်တည်မှုကတော့ အမှန်တရားဘက်ကိုပဲ ရပ်တည်မှာ"
လုံခြုံရေးအရ အမည်မဖော်လို့တဲ့ ထန်တလန် မြို့ခံတစ်ဦးကတော့ စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ ခရစ်ယာန် ဘာသာဝင်တွေအတွက် ဆိုးရွားတဲ့ အပြုအမူတွေဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
"ဒါနဲ့ပတ်သက်ပြီးတော့ တော်တော်လေးတော့ ဆိုးသွားတာပေါ့။ ဘာဖြစ်သလဲဆိုရင် လူမျိုးရေးနဲ့ ဘာသာရေး ပုံစံဖြစ်သွားတာပေါ့။ နိုင်ငံရေးပဲ မဟုတ်တော့ဘူး။ ဘာသာဝင်အနေနဲ့ တော်တော်လေးတော့ ခံစားရတာပေါ့။ ကျွန်တော်တို့ရဲ့ ဆရာတော်တစ်ယောက်ကို မီးလောင်လို့ မီးငြှိမ်းဖို့အတွက် သွားတုန်းမှာ အသတ်ခံရတယ်။ မတော်တဆပဲဖြစ်ဖြစ်ပေါ့။ ရည်ရွယ်မရှိဘဲ ဖြစ်ရင်တောင်မှ ဒီတိုင်းထားရင်တော့ ကျွန်တော်တို့က ကျေနပ်တယ်။ သေပြီးမှ သူရဲ့ လက်ထပ်လက်စွပ်ကို လက်ကိုဖြတ်ပြီး ယူသွားကြတယ် ဆိုတော့ ဒါဟာ တော်တော်လေးကို ရိုင်းစိုင်းတယ်လို့ ဘာသာရေးတရားအရ ယူဆတယ်။ ဘာသာရေး ရှုထောင့်ဘက်က မြင်ရင်တော့ ခရစ်ယာန်ကျောင်းတွေကိုလည်း တပ်စွဲတယ်။ ခရစ်ယာန်ကျောင်းတွေ ကိုလည်း ဖျက်ဆီးတယ်။ ဘာသာရေးဘက်ကို လှည့်သွားတယ်လို့ပဲ ကျွန်တော်တို့က ခံစားတဲ့အခါမှာ ဝမ်းနည်းရတာပေါ့"
စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူလူထုက စစ်ကောင်စီကို ဆန့်ကျင်နေချိန် ချင်းပြည်နယ်မှာ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တွေဘက်ကလည်း စစ်ကောင်စီရဲ့ အလှူတွေကို ငြင်းဆိုမှုတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ပထမပတ်မှာ ခရစ်ယာန်အမှူတော်ဆောင် ဓမ္မဆရာ တစ်ဦးစီကို ကိုဗစ်ကာလ ထောက်ပံ့ကြေး ဆိုပြီး စစ်ကောင်စီက ကျပ် တစ်သောင်းရှစ်ထောင်စီ လှူဒါန်းခဲ့ပါတယ်။ ဓမ္မဆရာတွေက အဲဒီငွေတွေကို အခြေအနေအရ လက်ခံခဲ့ကြပေမယ့် အခြားလူမှုအဖွဲ့တွေကို ချက်ချင်း ပြန်ပြီး လှူဒါန်းခဲ့ကြ ပါတယ်။ ဒီလိုလုပ်ရတာဟာ ပြည်သူလူထုဘက်က ရပ်တည်ပြီး စစ်ကောင်စီရဲ့အလှူတွေကို လက်မခံတာလို့ တွန်းဇံမြို့ နှစ်ခြင်းခရစ်ယာန်အဖွဲ့က သိက္ခာတော်ရ ဆရာ ကိမ်းပူ က ပြောပါတယ်။
"သူတို့က ပေးတာတော့ရှိတယ်။ ကျွန်တော်တို့ တွန်းဇံမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံက လက်မခံတာ။ အခုတလောလည်း နိုင်ငံရေးအခြေအနေက ဖြစ်နေတာဆိုတော့ ကျွန်တော်တို့ ဘာသာရေးဘက်ကလည်း ပြည်သူလူထု အထင်မှားမှာစိုးလို့၊ ပြီးရင် တခြားအဖွဲ့အစည်းတွေကလည်း လက်မခံတော့ ကျွန်တော်တို့ ဘက်ကလည်း လက်မခံတာပါ"
ချင်းပြည်နယ်အတွင်းက ခရစ်ယာန်ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကို စစ်ကောင်စီတပ်သားတွေက မထီမဲ့မြင် ပြုလုပ်နေကြတာကြောင့် စစ်ကောင်စီအပေါ် ဒေသခံတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ ဘက်ကပါ ပြစ်တင်ရှုတ်ချမှုတွေ ပိုများလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ချင်းပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီ (CRCH) ကလည်း စစ်ကောင်စီတပ်ဖွဲ့က ထန်တလန်၊ ဟားခါးနဲ့ အခြားမြို့နယ်တွေမှာ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ကန့်ကွက်ရှုတ်ချကြောင်းလည်း ဒီနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
သင်းအုပ်ဆရာ ပါစတာကျုံးဗျက်ဟုမ်း ပစ်ခတ်သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မတွေ့ရသေးသလို စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဒီနေ့ ဖုန်းဆက်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း လက်ခံဖြေကြားခြင်း မရှိပါဘူး။
"ကိုယ့်လူမျိုး ဘာနေနေ သူတို့က ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ခွဲခြားနေမှာ မဟုတ်ဘူး။ ဒါက စစ်တပ်ရဲ့ အာဏာရှင်စနစ်ဆိုးနဲ့ သွားတဲ့အတွက်ကြောင့် ဗုဒ္ဓဘာသာရော၊ ဘာရော နားမလည်ဘူး"
ချင်းပြည်နယ် မင်းတပ်မြို့မှာ သီတင်းသုံးနေတဲ့ ဗုဒ္ဓဘာသာဘုန်းကြီး အရှင် မဃဝ ကတော့ စစ်တပ်က ခရစ်ယာန်အမှုတော်ဆောင်ဆရာကို သတ်ဖြတ်တာဟာ အာဏာရှင်စစ်တပ်ရဲ့ အမှုအကျင့်ဆိုးတစ်ခုသာဖြစ်ပြီး ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ မဖြစ်စေလိုဘူးလို့ မိန့်ပါတယ်။
"တချို့လူတွေအမြင်မှာတော့ နည်းနည်းလေး ဘာသာရေးနဲ့ပတ်သက်ပြီး နည်းနည်းစိုးရိမ်တယ်။ ဒါပေမဲ့ ဦးဇင်းပြောချင်တာတော့ အဲလိုမဟုတ်ဘူး။ ကိုယ့်လူမျိုး ဘာနေနေ သူတို့က ဗုဒ္ဓဘာသာ၊ ခရစ်ယာန် အဲလို ခွဲခြားနေမှာ မဟုတ်ဘူး။ ဒါက စစ်တပ်ရဲ့ အာဏာရှင်စနစ်ဆိုးနဲ့ သွားတဲ့အတွက်ကြောင့် ဗုဒ္ဓဘာသာရော၊ ဘာရော နားမလည်ဘူး။ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းလည်း သူတို့က ကြုံရင်ကြုံသလို ဖျက်ဆီးတာပဲ။ တချို့ ခရစ်ယာန်တွေကို နားလည်စေချင်တယ်ပေါ့နော်။ ကိုယ့်လူမျိုးအချင်းချင်းကြားမှာ လူမျိုးရေး ခွဲခြားတဲ့ အမြင်မျိုး မမြင်ကြဖို့၊ ဒါသည်စစ်တပ်ရဲ့ မကောင်းတဲ့ အမူအကျင့်တစ်ခုပဲဆိုတာ မြင်ကြဖို့ ဦးဇင်းအနေနဲ့ တိုက်တွန်းချင်ပါတယ်"
ချင်းပြည်နယ် ထန်တလန်မြို့မှာ စက်တင်ဘာလ ၁၈ ရက်နေ့က နောက်ဆုံးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်တပ်က လက်နက်ကြီး အလွန်အကျွံ အသုံးပြု တိုက်ခိုက်တာကြောင့် လူပေါင်း တစ်သောင်းဝန်ကျင်လောက် ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချင်း နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ကတော့ လက်ရှိ ပြည်တွင်းနိုင်ငံရေးပဋိပက္ခတွေကို မှန်ကန်တဲ့နိုင်ငံရေး နည်းလမ်းနဲ့ မျှမျှတတ အဖြေရှာဖို့လိုတယ်လို့ ပြောပါတယ်။