စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ကျောက်တော်စစ်ဘေးဒုက္ခသည် ငါးဦးထက်မနည်းသေဆုံး

RFA Burmese
2024.01.17
စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ကျောက်တော်စစ်ဘေးဒုက္ခသည် ငါးဦးထက်မနည်းသေဆုံး ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီချောင်းက နေရာတစ်ခုကို တွေ့ရစဉ်။
ကီမာမြေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသက ဝဲကြီးထောင့် ကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ စစ်ဘေးဒုက္ခသည် ငါးဦးထက်မနည်းထိခိုက်သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဇန်နဝါရီ ၁၇ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၇ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ရေးရဟတ်ယာဉ်က ဝဲကြီးထောင့်ကျေးရွာ အနီးပတ်ဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပီချောင်းဒေသမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးကတော့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦးအပါအဝင် ခြောက်ယောက်သေဆုံးပြီး၊ ခြောက်ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသအခြေစိုက် နိရဥ္ဇရာသတင်းဌာနကို ပြောထားပါတယ်။ လေကြောင်းကနေတိုက်ခိုက်နေတာကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။

လက်ရှိ ပီချောင်းဒေသမှာ တယ်လီဖုန်းလိုင်းတွေဆက်သွယ်လို့ မရတာကြောင့် သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်ကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

လေကြောင်းတိုက်ခိုက်မှုအပြင် ကျောက်တော်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) ကနေလည်း ပီချောင်းဒေသအပါအဝင် ကျောက်တော်မြို့အနီးပတ်ဝန်းကျင်က ရွာတွေကို ဇန်နဝါရီ ၁၇ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ AA ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဲဒီထဲက လက်နက်ကြီးတစ်လုံးဟာ သရက်တပင်ရွာဟောင်းထဲကို ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို မေးမြန်းဖို့ RFA က ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းသုံးတိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေ တိုးမြှင့်လုပ်ဆောင်လာတာကြောင့် အဆောက်အအုံတစ်ခုထဲမှာ စုဝေးနေထိုင်တာ မလုပ်ဖို့၊ လူစုလူဝေး မနေကြဖို့၊ သတိနဲ့ နေထိုင်ကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။