စစ်တပ်က စစ်ကိုင်းတိုင်းအထက်ပိုင်း PDF တွေကို လေကြောင်းသုံး တိုက်ခိုက်နေ

နိုဝင်ဘာ ၇ ရက် မနေ့က စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး၊ ကျွန်းလှ စတဲ့ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်တွေကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နှိမ်နင်းခဲ့တဲ့အတွက် PDF တပ်ဖွဲ့ ဝင်တစ်ဦး သေဆုံးခဲ့ပြီး ဒေသခံ ၂၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ PDF တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ကောလင်းမြို့နယ် အနောက်ဘက်ခြမ်းရှိ ကောလင်း၊ ပင်လည်ဘူးနဲ့ ကျွန်းလှမြို့နယ်အစပ်မှာ စစ်တပ်နဲ့ ဒေသခံပြည်သူကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ပိတ်မိနေ ခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်တပ်ကို ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး စတဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ KIA က ဝိုင်းဝန်းတိုက်ခိုက်ရာမှာ ပိတ်မိသလိုဖြစ်နေတဲ့အတွက် စစ်တပ်ဘက်က လေကြောင်းသုံးပြီး စစ်ရဟတ် ယာဉ်တွေနဲ့ ချက်ချင်းပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ကောလင်း PDF တပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ပိတ်မိသလိုဖြစ်ပြီးတော့ ဘာမှလုပ်လို့မရတော့ ဒီကတိုက်တော့ သူတို့ကမနိုင်တော့ စစ်ကူတွေ ဘာတွေ ရောက်လာတယ်။ လေယာဉ်တွေ ဘာတွေသုံးလာတယ်။ စစ်ရဟတ်ယာဉ် သုံးသွားတယ်။ လေယာဉ်သုံးသွားတာကတော့ အချိန်မီလည်း ရှောင်နိုင်ခဲ့တယ် မထိဘူးပေါ့နော်။ အဲဒီနားက သူတို့ နီးစပ်ရာတောတွေထဲကို ပစ်တယ်ပေါ့နော်။ တောတွေတောင်တွေထဲကို နီးစပ်ရာကို ပစ်လိုက်တယ်။ ဒီကတာ့ အချိန်မီရှောင်နိုင်ခဲ့တယ်။ တစ်ယောက်တော့ ဝန်းသိုက တစ်ယောက် PDF ကလေးတစ်ယောက် ကျသွားတယ်”
မနေ့က ကောလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်က ပိတ်မိနေတဲ့အချိန် ဝိုင်းဝန်းတိုက်ခိုက်ရာမှာ စစ်သား ငါးဆယ်ခန့် သေဆုံးခဲ့တယ်လို့လည်း အဲဒီ PDF တပ်ဖွဲ့ဝင်က ပြောပါတယ်။ အခုရက်ပိုင်းအတွင်းဖြစ်ခဲ့တဲ့ ပင်လည်ဘူးတိုက်ပွဲမှာတော့ PDF တွေဘက်က ငါးယောက် သေဆုံးခဲ့ပြီး၊ အဲဒီအထဲမှာ ရေဦးမြို့နယ်ကနေ CDM လုပ်လာတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
နှစ်ဖက်ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း စစ်ကိုင်းတိုင်းအထက်ပိုင်း ကျွန်းလှမြို့နယ်ထဲက ကျွဲတဲရွာ အနီးကို လေကြောင်းကနေ စစ်ရဟတ်ယာဉ် ၆ စီးက ပစ်ခတ်ခဲ့ပြီး တိုက်လေယာဥ် နှစ်စီးက အရန်အဖြစ် ကူညီစောင့်ကြည့်နေခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ရှင်းပြပါတယ်။
“ကျနော်တို့ ၂၈၊ ၂၉ မှာ ကျွဲတဲဆိုတဲ့ဆည်ရဲ့ ပြောင်းရွှေ့ရွာပေါ့ဗျာ၊ အဲဒီရွာရဲ့ ရွာနီးချုပ်စပ်မှာ PDF စခန်းရှိတယ်ဆိုပြီးတော့ အဲဒီမှာ ရဟတ်ယာဉ် ၆ စီးနဲ့ ပစ်တာဗျ။ အဲဒီရဟတ်ယာဉ် ၆ စီးနဲ့ ပစ်တဲ့ အချိန်မှာလည်း တိုက်လေယာဉ်နှစ်စင်းက အကူအနေနဲ့ ကျနော်တို့ရွာတွေပေါ်မှာ ဝဲပျံနေတာဗျ”
အဲဒီစစ်ရဟတ်ယာဉ် ခြောက်စီးကနေ ချပေးခဲ့တဲ့ စစ်သား ၂၀၀ နီးပါးနဲ့ မြေပြင်ကတက်လာတဲ့ စစ်သားတွေ ဟာ ကျွန်းလှမြို့နယ်ထဲက ပြောင်သွယ်ချောင်းနဲ့ ဖုံမွှာချောင်းရိုး တလျှောက်က ကျေးရွာတွေကို ဝင်ရောက် စီးနင်းနေကြလို့ ဒေသခံအားလုံးနီးပါး ထွက်ပြေးနေရတယ်လို့လည်း သူက ဆိုပါတယ်။
စက်တင်ဘာ ၂၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်းအထက်ပိုင်း ပင်လည်ဘူးမြို့နယ်ထဲမှာ စစ်တပ်နဲ့ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး ပူးပေါင်း PDF တပ်တွေအကြား တိုက်ပွဲဖြစ်ပွားချိန်မှာ စစ်တပ်ဘက်က လေကြောင်း ကနေ လက်တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကောလင်း PDF တပ်ဖွဲ့ဝင်တစ်ဦး က ပြောပါတယ်။
ဒါကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာ သုံးကြိမ်ရှိနေပါပြီ။
"PDF စခန်းရှိတယ်ဆိုပြီးတော့ အဲဒီမှာ ရဟတ်ယာဉ် ၆ စီးနဲ့ ပစ်တာဗျ"
စက်တင်ဘာလထဲမှာ ချင်းပြည်နယ်အနောက်ပိုင်း ထန်တလန်မြို့နယ်က လုံလဲရ်ရွာစစ်စခန်းကို ချင်း အမျိုးသားတပ်ဦး (CNF)နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) တွေ ပူးပေါင်းတိုက်ခိုက်တုန်းကလည်း စစ်တပ်ဘက်က ဂျက်တိုက်လေယာဉ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ CDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ပြည်တွင်းတိုက်ပွဲတွေမှာ ဘာကြောင့် လေကြောင်းတိုက်ခိုက်မှု သုံးရသလဲဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကို မေးမြန်းတဲ့အခါ အကြမ်းဖက်မှု တိုက်ဖျက်ရေး အတွက် လိုအပ်တဲ့အင်အားကို အသုံးပြုရမှာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။
“ရဟတ်ယာဉ် အသုံးပြုမှုတွေနဲ့ ပတ်သက်ပြီး ကျနော်တို့အနေနဲ့ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေ အသုံးပြုခဲ့တာရှိတယ်။ ကျန်တဲ့လိုအပ်တဲ့အင်အားကတော့ အသုံးပြုရမှာဖြစ်တယ်။ ဒါတွေကတော့ ကျနော်တို့အနေနဲ့ကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးဆောင်ရွက်နေတာဖြစ်တယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာတော့ လိုအပ်တဲ့အင်အား လုံလောက်တဲ့အင်အားကို အသုံးပြုသွားရ မှာပဲဖြစ်တယ်”
စစ်တပ်ဟာ အာဏာရှင်ဆန့်ကျင်ရေး ခုခံတော်လှန်မှုပြင်းထန်တဲ့ ချင်းပြည်နယ်ကို “အနော်ရထာ စစ်ဆင်ရေး” စစ်ကိုင်းတိုင်းကို “အလောင်းမင်းတရား” စစ်ဆင်ရေးဆိုပြီး လေကြောင်းကြည်းကြောင်း နှစ်ဖက်ညှပ်ပြီး နှိမ်နင်းနေတယ်လို့လည်း PDF တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ချင်းနဲ့ စစ်ကိုင်းကို အမည်နာမတစ်ခုခုပေးပြီး စစ်ဆင်ရေးဆင်နွှဲနေတာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
ဒါပေမဲ့ အခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နယ် အနောက်ခြမ်းက အုတ်တိုက်ကုန်း၊ ဆတ်သချောင်း၊ ထိန်အင်းနဲ့ ကြို့ပင် အပါအဝင် စုစုပေါင်း ကျေးရွာခြောက်ခုလောက်ကို စစ်တပ်က ဝင်ရောက် စီးနင်းနေတာကြောင့် ဒေသခံ နှစ်ထောင်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကောလင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကောလင်းရဲ့ အနောက်ဘက်အခြမ်းမှာကတော့ မနေ့ကလည်း ဖြစ်နေတယ်။ တစ်နေ့ကလည်းဖြစ်တယ်။ လေယာဉ်တွေလည်း ဝဲတယ်။ အဲဒီလိုအခြေအနေတွေ ရှိတယ်။ ကောလင်းမြို့ပေါ်ကတော့ ဒီနေ့အထိ ဘာမှမဖြစ်သေးပါဘူး။ အဝန်းအဝိုင်းတွေမှာကတော့ အရှေ့ဘက်အခြမ်း အနောက်ဘက်အခြမ်းအားလုံး အခုကတော့ တိုက်ပွဲတွေကတော့ ခဏခဏဖြစ်နေတယ်။ ရွာတွေ တချို့တချို့တွေလည်း ပြေးလွှားနေ ရတယ်ပေါ့”

အခု တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက ကောလင်း၊ ပင်လည်ဘူးနဲ့ ကျွန်းလှ မြို့နယ်တွေဟာ နယ်မြေချင်းဆက်စပ်နေတဲ့ မြို့နယ်တွေဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး စတဲ့ဒေသတွေမှာ စစ်ကောင်စီက ကျန်ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး ပြည်သူလူထုအသုံးနည်းတဲ့ Mytel ဆက်သွယ်ရေးလိုင်း တစ်ခုတည်းကိုသာ ဖွင့်ပေးထားတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းနဲ့ အောက်တိုဘာလကုန်ပိုင်းတုန်းကလည်း ခုခံမှုအားကောင်းတဲ့ စစ်ကိုင်းတိုင်း ထဲက ထီးချိုင့်၊ ကျွန်းလှ၊ တန့်ဆည်၊ ကောလင်းနဲ့ ပင်လည်ဘူးမြို့နယ်တွေဘက်မှာ စစ်သားအပြည့်တင်လာတဲ့ စစ်ရဟတ်ယာဉ်တွေကို အသုံးပြုပြီး စစ်တပ်က အစုအပြုံလိုက် အင်အားဖြည့်တင်းခဲ့ကြောင်း ဒေသခံတွေက ပြောပြကြပါတယ်။