ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ရေတာရှည်မြို့နယ်မှာ ကလေးနှစ်ဦးအပါအဝင် လေးဦးသေဆုံး
2024.02.21

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က ရွာ သုံးရွာကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့လယ်မှာ ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် နှစ်ဦးအပါအဝင် ဒေသခံ လေးဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့လယ် နှစ်နာရီမှာ ရေတာရှည်မြို့နယ် မြစ်အရှေ့ကမ်းမှာရှိတဲ့ ပိတောက်ကုန်းရွာ၊ စည်ပိုင်းရွာ၊ မိချောင်းအိုင်ရွာတွေကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ ၈၁ မမ ဗုံးသီးတွေ ကြဲချခဲ့ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက ကျေးရွာတွေကို ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လွန်ခဲ့တဲ့ လအနည်းငယ်ကတော့ ဖြစ်ဖူးပါတယ်။ အခုလတ်တလော မဖြစ်တဲ့ ကျေးရွာတွေပါဗျ။ သေဆုံးသူတွေကတော့ ပိတောက်ကုန်းနဲ့ စည်ပိုင်းကျေးရွာကပါ။ နေအိမ်မှာရှိနေချိန် ထိမှန်သေဆုံးခဲ့ကြတာပါ။”
သေဆုံးသူတွေထဲမှာ အသက် ရှစ်နှစ် နဲ့ အသက် ဆယ်နှစ်အရွယ် ကလေးနှစ်ဦးပါဝင်ပြီး အသက် ၆၀ နဲ့ အသက် ၃၀ အရွယ် အမျိုးသမီး နှစ်ဦး စုစုပေါင်း လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒဏ်ရာရတဲ့ ဒေသခံ ငါးဦးထဲမှာ တစ်ဦးက ဒဏ်ရာပြင်းထန်တာကြောင့် ဆွာမြို့ တိုက်နယ်ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့လည်း ဆိုပါတယ်။
ဒီပစ်ခတ်မှုကြောင့် ဒေသခံတွေသေဆုံးရတဲ့အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်းဒေသကြီးပြောခွင့်ရသူ ဦးတင်ဦး ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီ ဗုံးကြဲခဲ့တဲ့ ရွာ သုံးရွာမှာ တိုက်ပွဲမဖြစ်တာ လနဲ့ချီ ကြာနေပြီဖြစ်ပေမဲ့ ရေတာရှည်မြို့နယ် ကံလှကျေးရွာမှာတော့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး နေအိမ်အလုံး (၆၀) နီးပါးကို စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။