စစ်ကောင်စီကို ပြည်ပကုမ္ပဏီတွေ လေယာဉ်ဆီ ဆက်လက်ပေးပို့နေ
2023.03.01

စစ်ရာဇဝတ်မှုတွေ ဆက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို ပြည်ပကုမ္ပဏီတွေက လေယာဉ်လောင်စာဆီတွေ ထပ်မံတင်ပို့နေတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)နဲ့ လူ့အခွင့်အရေးနဲ့ ပတ်ဝန်းကျင်ရေးရာ Global Witness အဖွဲ့က မတ်လ ၁ ရက် မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြလိုက်ပါတယ်။
၂ဝ၂၂ ခုနှစ် နိုဝင်ဘာ ၂၈ ရက်မှာ အိန္ဒိယ Sikka ဆိပ်ကမ်းကနေ Prime V အမည်ရှိ ရေနံတင်သင်္ဘောထွက်ခွာလာပြီး ဒီဇင်ဘာ ၁၀ ရက် ဝန်းကျင်မှာ Puma Energy Aviation Sun Co. Ltd. အရင်က သုံးခဲ့တဲ့ သီလဝါက ဆိပ်ကမ်းမှာ ဂျက်တိုက်လေယာဉ်သုံး လောင်စာဆီတွေကို သင်္ဘောပေါ်က ချတယ်လို့ ပြောပါတယ်။
ဆွစ်ဇာလန်နိုင်ငံမှတ်ပုံတင်နဲ့ နိုင်ငံစုံပါတဲ့ Puma Energy လောင်စာကုမ္ပဏီဟာ မြန်မာနိုင်ငံကနေ ထွက်ခွာမယ်လို့ မနှစ်က အောက်တိုဘာမှာ ပြောကြားပြီး စစ်တပ်အတွက် လောင်စာဆီတင်သွင်းနေတဲ့ အရင်က Asia Sun Aviation ကို နာမည်ပြောင်းထားတဲ့ Shoon Energy ကို ရောင်းချခဲ့တယ်လို့ ပြောပါတယ်။
စစ်တပ်ကို လေယာဉ်လောင်စာဆီတင်ပို့နေတဲ့ တခြား ပြည်ပကုမ္ပဏီတွေအကြောင်းနဲ့ Prime V ရေနံတင်သင်္ဘောနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း ကြေညာချက်မှာ အသေးစိတ်ဖော်ပြထားပါတယ်။