မြင်းမူ ပဒတ္ထိုင်းရွာမှာ အသတ်ခံရသူ ၁၁ ဦး ရုပ်အလောင်းတွေ့
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ပဒတ္ထိုင်းရွာမှာ မီးရှို့ခံထားရတဲ့ ရှစ်ဦး အပါအဝင် လူ ၁၁ ဦးရဲ့ ရုပ်အလောင်းတွေကို ဖေဖော်ဝါရီလ ၃ ရက် မနေ့က တွေ့ရှိခဲ့ကြတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေဟာ ဘယ်သူဘယ်ဝါဆိုတာကို ခွဲခြားလို့မရတော့ လောက်အောင် ပျက်စီးနေတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ပဒတ္ထိုင်းရွာခံတစ်ဦး က ပြောပါတယ်။
“၃၁ ရက်နေ့က ရွာဘက်မှာ သင်တန်းဆင်းတစ်ခုကို သွားကြည့်နေတဲ့အချိန် အပေါ် ကနေ ရွာထဲကိုပြန်မဝင်အောင် ဟန့်တားပြီးပစ်တယ်။ လေကြောင်းကနေဆိုပေမယ့် တိုက်ရိုက်ပစ်ရင် တရွာလုံးနီးပါးပြုတ်အောင်ထိ ပစ်လို့ရတယ်။ လူလန့်ရုံသဘောမျိုး ပစ်တယ်။ ရွာဘက်ကို ပြန်တဲ့တချို့ကတော့ ဆုံးတဲ့သူများတယ်။ သူတို့ မီးရှို့ဖျက်ဆီး ထားတော့ ရုပ်တွေက ဘယ်သူဘယ်ဝါမကွဲဘူး။ သင်တန်းဆင်းပွဲကနေ တောတွေဘက် ကို ပြေးတဲ့သူတွေက လွတ်တယ်။ အဲဒီကနေ ရွာဘက်ကို ပြေးတဲ့သူတွေ တော်တော် များများ ပစ်ခံရပုံရတယ်။ သေဆုံးသူ ၂၀ ဝန်းကျင်တော့ရှိမှာပဲ"
အဲဒီရုပ်အလောင်းတွေကို ရွာလမ်းတွေနဲ့ ရွာအနီးက တောစပ်တွေမှာ တွေ့ရတာလို့ ဆိုပါတယ်။
ဇန်နဝါရီလ ၃၁ ရက်နေ့က ပဒတ္ထိုင်းကျေးရွာအနီးမှာ ဒေသကာကွယ်ရေးအဖွဲ့တစ်ခုက သင်တန်းဆင်းပွဲပြုလုပ်နေချိန် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ငါးစီးနဲ့ ရောက်လာပြီး သင်တန်းဆင်းပွဲပြုလုပ်နေတဲ့ကွင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့ကစလို့ ရွာထဲမှာ စစ်တပ်က ဆက်လက်တပ်စွဲနေခဲ့ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြန်ထွက်သွားတယ်လို့ဆိုပါတယ်။ ဒေသခံတွေက ဖေဖော်ဝါရီလ ၃ ရက် မနေ့က ရွာထဲကို ပြန်သွားကြည့်ရာမှာ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ကြတာလို့လည်းပြောကြပါတယ်။
ဖမ်းဆီးထားတဲ့ ရွာသား ၇၀ ခန့်ကိုလည်း သူတို့ပြန်ထွက်ချိန်မှာ လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
မင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုကင်ဒို ကတော့ သေဆုံးသူတွေဟာ အရပ်သားတွေဖြစ်တယ်လို့ ပြောပါတယ်။
“လေယာဉ်နဲ့ ဝင်လာပြီး ပစ်တယ်။ ကွင်းထဲမှာရောက်နေတဲ့ ပြည်သူတွေ ရွာထဲ ပြေးဝင်တဲ့အခါ လူကြီး၊ မိန်းမ အကုန်ပစ်တာ။ လမ်းပေါ်မှာရှိတဲ့ အများစုသေတယ်။ ကာကွယ်ရေးတပ်ဖွဲ့က သေဆုံးတာမရှိဘူး။ ပြည်သူတွေ အများကြီးပဲ ၂၀ ကျော်လောက် ရှိမယ်။ လမ်းပေါ်မှာတင်ပုံထားပြီး သူတို့မပြန်ခင်မှာ မီးရှို့ပြီး ဟိုပစ်ဒီပစ်ထားခဲ့တာ။ ဒါကတော့ လုံးဝကို လက်ခံနိုင်စရာမရှိလို့ ကျေနပ်မှာမဟုတ်ဘူး"
အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေ တက်ရောက်နေတဲ့ သင်တန်းဆင်းပွဲနေရာကို စစ်ကောင်စီတပ်က အချိန်အတိအကျနဲ့ လာရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒေသကာကွယ်ရေးအဖွဲ့တွေဘက်ကတော့ ဒေသခံတွေ ထိခိုက်မှုများမှာစိုးရိမ်လို့ ပြန်လည်တိုက်ခိုက်တာတွေ မလုပ်ခဲ့ဘူးလို့လည်း ပြောပါတယ်။
“လေယာဉ်နဲ့ ဝင်လာပြီး ပစ်တယ်။ ကွင်းထဲမှာရောက်နေတဲ့ ပြည်သူတွေ ရွာထဲ ပြေးဝင်တဲ့အခါ လူကြီး၊ မိန်းမ အကုန်ပစ်တာ"
အဲဒီနေ့က လာရောက်တိုက်ခိုက်တဲ့ စစ်ကောင်စီတပ်သားအင်အားဟာ ၈၀ ခန့်ရှိပြီး မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။
ပဒတ္ထိုင်းရွာဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ညနေ ၄ နာရီလောက်အထိ အကြောင်းမပြန်သေးပါဘူး။
အဲဒီနေ့ကဖြစ်ရပ်ကြောင့် ပဒတ္ထိုင်းရွာအပါအဝင် မလဲသာ၊ သမ္မတော၊ ဂရု၊ ညောင်ပင်ရွာ စတဲ့ရွာပေါင်း ငါးရွာလောက်က ဒေသခံ ရှစ်ထောင်ဝန်းကျင်ဟာ ဒီနေ့အထိ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က ရဟတ်ယာဉ်တွေနဲ့ ထပ်မံတိုက်ခိုက်လာမှာကို စိုးရိမ်လို့ ရွာကို မပြန်ရဲကြ သေးတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီကနေ့ထိ ရှောင်နေကြရတယ်။ လေကြောင်းနဲ့ ထုသွားတာဆိုတော့ မကပ်ရဲကြဘူး ဖြစ်သွားတာ။ ဘယ်အချိန်မှာ ဘယ်နားက စစ်သားချသွားမလဲဆိုတာ မသိကြတော့ အခုချိန်ထိ ရွာနားပြန်မကပ်ရဲကြသေးဘူး။ စားဝတ်နေရေးကတော့ ထွက်ပြေးနေရတဲ့ သူတွေ ထောင်ကျော်တယ်။ အမျိုးသမီးတွေ၊ ကလေးတွေ သက်ကြီးရွယ်အိုတွေ အကုန်ပါတယ်။ စစ်ရှောင်ဘုန်းကြီးကျောင်းတစ်ခုမှာနေနေတယ်။ အဲဒီနားက နှစ်မိုင် သုံးမိုင်အကွာက စုစုပေါင်း ငါးရွာလောက်က ရှောင်နေရတယ်"
စစ်ကောင်စီတပ်စွဲသွားတဲ့ ပဒတ္ထိုင်းရွာမှာ နေအိမ်အချို့ပျက်စီးခဲ့သလို ရွှေငွေတွေပါ ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။
လတ်တလောမှာလည်း မြင်းမူမြို့နယ်အတွင်း စစ်ရေးတင်းမာနေပြီး မဓုရကျေးရွာမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးကို ဇန်နဝါရီလ ၃ ရက် မနေ့က စစ်ကောင်စီတပ်က အသေပစ်ခတ်သွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ သူတို့ကိုအပြင်းအထန်ခုခံနေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလကနေ အခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ အထိ လေကြောင်းကနေ ၅၄ ကြိမ်ထက်မနည်း တိုက်ခိုက် ခဲ့တယ်လို့ မူဝါဒနဲ့ မဟာဗျူဟာလေ့လာရေးအင်စတီကျု (ISP Myanmar) က ဖေဖော် ဝါရီလ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။