ထန်တလန်မှာ စစ်ကောင်စီနဲ့ CDF တို့ တိုက်ပွဲဖြစ်၊ အိမ် ၁၀ လုံးထက်မနည်း မီးလောင်ဆုံးရှုံး
ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့မှာ စက်တင်ဘာ ၁၈ ရက် ဒီကနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီနဲ့ ချင်းဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF ထန်တလန်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး အိမ်တွေပေါ် လက်နက်ကြီးကျည်ဆန်တွေ ကျရောက်လို့ အိမ် ၁၀ လုံး ထက်မနည်း မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထန်တလန်မြို့ပေါ်မှာတင် တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး ဒေသခံတွေ နေအိမ်ထဲကနေ မထွက်ရဲကြဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"တိုက်ပွဲတွေ ပစ်ခတ်မှုတွေရှိတယ်၊ ဘယ်သူမှအပြင်မထွက်ရဲဘူး။ အိမ်တစ်လုံး မီးလောင်တာကနေ အခု ၁၀ အိမ်ထက်မနည်း လောင်နေတယ်။ အိမ်တွေက အရမ်းကပ်တော့ ဘယ်နှစ်အိမ် ပါသွားမလဲ မပြောတတ်ဘူး။ အခြေအနေက ဆိုးနေတယ်။ အခုလည်း လက်နက်ကြီးသံတွေ သေနတ်သံတွေ ကြားနေရတုန်းပဲ"
စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ အိမ်တွေမီးလောင်ရတာဖြစ်ပြီး မီးသတ်ဌာနကို ခေါ်ပေမယ့်လည်း တိုက်ပွဲအတွင်း ပစ်ခတ်နေတာတွေကြောင့် ရောက်မလာကြပါဘူး။ ဒေသခံတွေကိုယ်တိုင် မီးငြိမ်းသတ်နေရပေမယ့် ညနေ ၅ နာရီဝန်းကျင်အထိ မီးမငြိမ်းသတ်နိုင်သေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ ညပိုင်းက ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ ဂျွန်ဆင်အောက်မေ့ဖွယ် နှစ်ခြင်းအသင်းတော် (JMBC) ဘုရားကျောင်းဝန်းထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ဘုရားကျောင်းအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ရပါတယ်။