ဒီပဲယင်းတိုက်ပွဲမှာ စစ်တပ်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲမှာ ဒေသခံ ကာကွယ်ရေးတပ် PDF တွေကို စစ်တပ်က Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ ဒီဇင်ဘာ ၇ ရက် ဒီနေ့မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက်ပိုင်းက PDF တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ အောင်စည်မြေ ရွာအနီး တိုက်ပွဲဖြစ်ရာကနေ မနက် ၈ နာရီကျော်မှာ ရဟတ်ယာဉ်သုံးပြီး လာရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံ တစ်ယောက်က ဆိုပါတယ်။
"ထိပ်တိုက် ထိတွေ့မှုကတော့ ၇ နာရီကနေ စဖြစ်တာ။ ၈ နာရီ ၁၅ မိနစ်လောက်မှာ ရဟတ်ယာဉ် လာတယ်။ ၉ နာရီခွဲလောက်အထိ ပစ်သွားတယ်။ အခု နေ့လယ် ၁ နာရီ ၁၀ မိနစ် နောက်တစ်စီး လာနေပြီ။ မြေပြင်မှာ ဆင်းသွားတာ မြင်လိုက်တယ်"
ဒီလို စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ကူနဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့က နှစ်ယောက် သေဆုံးသွားတယ်လို့ ဒီပဲယင်း PDF အဖွဲ့က ပြောပြပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သင်္ဃန်းကြီး၊ အင်ကြင်းကုန်း၊ မလုံးတင် စတဲ့ ရွာပေါင်း ရှစ်ရွာက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာအနီး စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတုန်းကတော့ ဒေသခံ နှစ်ယောက်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က တစ်ယောက်တို့ သေဆုံးခဲ့ရပါတယ်။ ဒီပဲယင်းမြို့နယ်ထဲ ခုလိုလေကြောင်းကနေ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။