ကလေးဝ - ယာကြီးလမ်းမပေါ် စစ်ကောင်စီ နဲ့ PDF တို့ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွား
စစ်ကိုင်းတိုင်း ကလေးဝ-ယာကြီး-မုံရွာ လမ်းမပေါ်မှာ ဒီဇင်ဘာ ၉၊ ၁၁ နဲ့ ၁၂ ရက်တွေက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ကနီ၊ မင်းကင်း၊ တောင်တွင်း မြို့နယ်တွေက ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF သုံးဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PDF တာဝန်ရှိသူတွေက ပြောပါတယ်။
ကလေးဝ-ယာကြီး လမ်းမပေါ် ကနီ နဲ့ မင်းကင်းမြို့နယ်အစပ် မိုင်တိုင် ၆၂၊ ၆၃၊ ၆၆၊ ၆၈၊ ၇၄ စတဲ့ နေရာတွေ မှာ မင်းကင်း PDF၊ တောင်တွင်း PDF နဲ့ ကနီ KPDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်ခဲ့တာလို့ ကနီမြို့နယ် KPDF 2 အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၉ ရက်ညနေပိုင်းက မိုင်တိုင် ၆၆ အနီးမှာ KPDF 2 တပ်ဖွဲ့က မိုင်း ၁၁ လုံးထောင်ထားပြီး စစ်ကား လေးစီးပါ ယာဉ်တန်းနဲ့ ရှေ့ကနေ ခြေလျင် ချီတက်လာတဲ့စစ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံလိုက်ရလို့ ၁၅ ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၁၁ ရက်နေ့မှာ မိုင်တိုင်အမှတ် ၆၂/၆၃ ကြားမှာ စစ်ကားတွေနဲ့ ရိက္ခာတင်ယာဉ်တန်းကို မိုင်း ရှစ်လုံး ဖောက်ခွဲလိုက်လို့ ၁၄ ယောက်ခန့် သေဆုံးနိုင်တယ်လို့လည်း ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၂ ရက်မှာတော့ မိုင်း ၁၂ လုံးနဲ့ ဖောက်ခွဲလိုက်ရာ ဗိုလ်ကြီးအဆင့် တစ်ဦး အပါအဝင် ၁၅ ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်ပွားရာအနီးက လာပို့၊ ဗိုင်းပင်၊ ထန်းတပင်၊ အင်ကြင်းပင်၊ ကတက်၊ စစ်လျင်ချောင်း၊ တပ် ချောင်း၊ ဝင်ဝ၊ စတဲ့ရွာပေါင်း ၁၃ ရွာက ဒေသခံ ၃၀၀၀ ခန့် တောတောင်တွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကြာပင်၊ စစ်လျင်ချောင်းရွာနဲ့ ၆၅ မိုင်မှာ တပ်စွဲထားပြီး ကားလမ်း ဘေးက အိမ် ၁၂ လုံးနဲ့ တဲ ၆ လုံးကို မီးရှို့ဖျက်ဆီးပြီး နွားတစ်ကောင်ကို သတ်ဖြတ်စားသောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်နဲပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဌာန ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။