ရေဖြူမှာ စစ်ကြောင်းက ဖမ်းသွားတဲ့ အရပ်သားလေးဦး သတ်ဖြတ်ခံရ

RFA Burmese
2024.07.05
ရေဖြူမှာ စစ်ကြောင်းက ဖမ်းသွားတဲ့ အရပ်သားလေးဦး သတ်ဖြတ်ခံရ ထားဝယ်ခရိုင်၊ ရေဖြူမြို့အား တွေ့ရစဥ်။
Dawei Watch

တနင်္သာရီအတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဒေသခံလေးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) က ဇူလိုင်လ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ ရေဖြူမြို့နယ် ခေါင်ပြန်ရွာက အသက် ၄၀ ကနေ ၆၀ ကျော်အရွယ်ရှိကြတဲ့ ဦးကျော်စိန်၊ ဦးအောင်ဇော်ဝင်း၊ ဦးသားသား (ခ) ဦးလိုင်းယားနဲ့ ဦးနိုင်နိုင်တို့ ဖြစ်ပါတယ်။

ခေါင်ပြန်ရွာကို ဇူလိုင်လ ၁ ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစဥ် ဖမ်းဆီးခေါ်ဆောင်သွားခံရတာဖြစ်ပြီး အလောင်းတွေကိုတော့ ခေါင်ပြန်ရွာအနီးမှာရှိတဲ့ ချောင်းထဲမှာ ဇူလိုင် ၃ ရက်နဲ့ ၄ ရက်နေ့တွေက ပြန်တွေ့ခဲ့တာလို့ DDMSC ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“စစ်ကောင်စီတပ်သားတွေက ခေါင်ပြန်ကျေးရွာကို ဖြတ်ပြီးတော့ စစ်ကြောင်း ထိုးလာတယ်။ အဲဒီမှာ ရွာသားတွေကို ဖမ်းဆီးသွားတယ်။ ဖမ်းသွားတာက ဇူလိုင် ၁ ရက်နေ့။ ဇူလိုင် ၃ ရက်နေ့နဲ့ ၄ ရက်နေ့မှာ ချောင်းထဲမှာ အလောင်း လေးလောင်းကို ရွာခံတွေက ပြန်တွေ့တာ”

ရုပ်လောင်းတွေဟာ လက်ပြန်ကြိုးတုပ်ခံထားရတဲ့အပြင် ဓားနဲ့ထိုးသွင်းဒဏ်ရာ အများအပြားလည်း တွေ့ရတယ်လို့ သူက ဆိုပါတယ်။

စစ်ကြောင်းက ဖမ်းခေါ်သွားတဲ့ရွာခံ စုစုပေါင်း ရှစ်ဦးအထိရှိပြီး ကျန်တဲ့အမျိုးသမီးသုံးဦးနဲ့ အမျိုးသားတစ်ဦးတို့ဟာလည်း သတင်းအစအန မရတာကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။

အင်အား တစ်ရာဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇူလိုင်လ ၁ ရက်နေ့ကစပြီး ခေါင်ပြန်ရွာကတစ်ဆင့် ထားဝယ် အထူးစီးပွားရေးဇုန် ဧရိယာတစ်ဝိုက်ကို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတချို့လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ သေဆုံးသူပေါင်း ၅၃၅၁ ဦးအထိ ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။