လက်နက်ကြီးကြောင့် လူတစ်ဦး ဒဏ်ရာရပြီး ဘုရားကျောင်း တစ်ကျောင်း ထိမှန်ပျက်စီး

2022.02.10
လက်နက်ကြီးကြောင့် လူတစ်ဦး ဒဏ်ရာရပြီး ဘုရားကျောင်း တစ်ကျောင်း ထိမှန်ပျက်စီး စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ပျက်စီးသွားတဲ့ ဘုရားကျောင်းကို ၂၀၂၂ ဖေဖော်ဝါရီ ၁၀ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲမှာ ဖေဖော်ဝါရီလ ၁၀ ရက် ဒီကနေ့ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် စစ်ဘေးဒုက္ခသည်တစ်ဦး ဒဏ်ရာရသွားပြီး ဘုရားကျောင်း တစ်ကျောင်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ် (DMO-PDF) က RFA ကို ပြောပါတယ်။

တိုက်ပွဲဖြစ်တာ မရှိဘဲ အဲဒီဒေသမှာတပ်စွဲထားတဲ့ ခြေမြန်တပ်ရင်း ခမရ-၄၂၇ နဲ့ ခြေလျင် တပ်ရင်း ခလရ-၁၀၂ တို့ကနေ ဒုက္ခသည်တွေ ခိုလှုံနေတဲ့ မြလဲကျေးရွာဘက်ကို လှမ်းပစ် ခတ်ခဲ့တာလို့ ဆိုပါတယ်။

“သန်းခေါင်းကျော်မနက် သုံးနာရီ ဆယ်မိနစ်လောက်မှာ တိုက်ပွဲလည်းမဖြစ်၊ အပြန် အလှန် ပစ်ခတ်တာလည်း မရှိဘဲ စစ်တပ်ဘက်ကပစ်တာ။ လူသူအိပ်နေတဲ့အချိန်မှာ ဒီ ၁၀၂ တပ်ဘက်ကနေ ထုလာတာ။ တပ်မ ၁၀၂ ၊ ၄၂၇ ကနေပေါ့၊ ငါးလုံး ခြောက်လုံး လောက် ထုတယ်၊ ၂၀-မမ နဲ့ ထုတာလား မသိဘူး။ ပြည်သူတွေ အိမ်လည်းထိသွားတယ် ဘုရားကျောင်းလည်း ထိသွားတယ်။ စစ်ဘေးရှောင် ပြည်သူတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရသွားတယ်” လို့ ဒေသခံ PDF ပြောခွင့်ရက ပြောပါတယ်။

ဘုရားကျောင်းအပြင် နေအိမ်တစ်လုံး၊ အိမ်သာတစ်လုံးနဲ့ စပါးကျီတစ်လုံးလည်း ထိမှန် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

စစ်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေနဲ့ အဲဒီဒေသကို ရောက်နေတဲ့ စစ်ဘေးဒုက္ခသည်တွေ ကြောက်လန့်ပြီး ထပ်မံထွက်ပြေးနေရတယ်လို့လည်း ပြောပါတယ်။

အဲဒီနောက် ဒီနေ့ နံနက် ၆ နာရီကျော်ကစပြီး ဒီးမော့ဆိုရဲစခန်းနားမှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တို့ တစ်နာရီခွဲလောက်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီပစ်ခတ်မှုအတွင်း ငွေတောင်ဆည်အောက်ဘက် ရပ်ကွက်တချို့က နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

“နီးနီးတော့ သွားမကြည့်နိုင်တော့ ဘယ်နှစ်အိမ်လောင်နေမှန်းတော့ မသိဘူး။ မီးလောင် တာတော့ ငွေတောင်ဆည် အောက်ဘက်မှာ၊ အဝေးကနေ လှမ်းတွေ့နေရတယ်” လို့ ပြောပါတယ်။

ဒီကနေ့ ကယားဘက်က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပြော ဆိုတာ မရှိသေးပါဘူး။ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း RFA က ဆက်သွယ်လို့ မရသေးပါဘူး။

ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်သေ ဆုံးရတဲ့ အရပ်သား ၂၁၂ ဦးရှိပြီး၊ ဒဏ်ရာရတဲ့ အရပ်သား ၁၈၅ ဦးရှိနေသလို အဆောက် အဦးပေါင်း ၄၉၂ လုံး ပျက်စီးခဲ့တယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် KCSN က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။