ရခိုင်နဲ့ စစ်ကိုင်းက စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကို ကုလအတွင်းရေးမှူးချုပ် ရှုတ်ချ

RFA Burmese
2024.06.06
ရခိုင်နဲ့ စစ်ကိုင်းက စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကို ကုလအတွင်းရေးမှူးချုပ် ရှုတ်ချ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်အပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က တွေ့ရစဉ်။
Student's Revolutionary Force

ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ အရပ်သား အများအပြား သေဆုံးမှုရှိခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ လတ်တလော တိုက်ခိုက်မှုတွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဇွန်လ ၆ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အခြေအနေတွေ ပိုပြီး ဆိုးရွားကျယ်ပြန့်လာတဲ့အပေါ် အထူးစိုးရိမ်ကြောင်းနဲ့ ညီညီညွတ်ညွတ်နဲ့ ဖြေရှင်းကြဖို့ မေတ္တာရပ်ခံကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က ပြောကြားထားတာပါ။

မြန်မာနိုင်ငံအနောက်ပိုင်းက ရခိုင်လူမျိုးစုတွေကို ပစ်မှတ်ထားတဲ့ လတ်တလော တိုက်ခိုက်မှုတွေနဲ့ ရိုဟင်ဂျာတွေအပေါ် ဆက်လက်ဖိနှိပ်မှုတွေဟာ လူမျိုးစုအသိုင်းအဝိုင်းအားလုံးကို အကာအကွယ်ပေးဖို့ လိုအပ်ကြောင်းပြသနေတယ်လို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံ အနှံ့အပြားမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုသတင်းတွေ ဆက်တိုက်ထွက်ပေါ်နေပြီး ဒီလုပ်ရပ်တွေအတွက် တာဝန်ရှိသူအားလုံး တာဝန်ခံမှုရှိရမယ်လို့လည်း ဆိုပါတယ်။

ပဋိပက္ခမှာ ပါဝင်ပတ်သက်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့၊ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေနဲ့အညီ အရပ်သားတွေကို ကာကွယ်ရေးကို ဦးစားပေးဖို့နဲ့ လူမျိုးရေးပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ ထပ်ပြီးမဖြစ်အောင် တားဆီးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တောင်းဆိုပါတယ်။

အသစ်ခန့်အပ်ထားတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ဂျူလီဘစ်ရှော့ကိုလည်း ကုလအဖွဲ့ဝင် နိုင်ငံတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထောက်ခံအားပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှာ အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။ ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက သူတို့သတ်ဖြတ်ခဲ့တာ သုံးဦးပဲရှိတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

အလားတူ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မတောရွာကိုလည်း ဇွန်လ ၃ ရက်မှာ လေကြောင်းက တိုက်ခိုက်ခဲ့လို့ အရပ်သား ၂၉ ဦး သေဆုံးပြီး ၆၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်သူတွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ စစ်ကောင်စီတပ်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

kyaw htay
2024-06-08 00:48

ဘယ်သူ ဘယ်နိုင်ငံ ဘာပြောပြော အကောင်ထည်ဖော် ဆောင်ရွက်နိုင်တဲ့လူ ဘယ်ူမှမရှိ မင်းအောင်လှိုင်ဆိုတဲ့ ကောင်က သူ့အကြိုးကလွဲလို့ ဘယ်အရာမှ သောက်ကရုစိုက်တာမဟုတ် ဘေးနိုင်ငံလူတွေကိုလည်း ကျွန်တော် ပြည်သူ တစ်ယောက်အနေနဲ့ပြောရရင် R ကြီးတွေပါပဲ သေနေတာ နိုင်ငံတစ်၀တ်ရှိသွားပြီ အခုထိ အခြားနိုင်ငံက အစိုးရများ ဆန်ကုန်မြေလေးပဲ မြင်ပါတယ်