စစ်ကောင်စီ အကြမ်းဖက်တိုက်ခိုက်လို့ ကလေးငယ် ငါးရာနီးပါးသေဆုံးခဲ့ကြောင်း NUG ပြော
2023.10.04

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ငါးရာနီးပါး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြုစုထားတဲ့စာရင်းတွေအရ စစ်တပ်ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကြောင့် အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ကလေးငယ် ၄၉၁ ဦးသေဆုံးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက အောက်တိုဘာ ၄ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီလိုကလေးငယ်တွေကို အကြမ်းဖက်တာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ဦးအောင်မျိုးမင်းက RFA ကို ပြောပါတယ်။
"ကလေးသူငယ်ဆိုတာက သာမန်အချိန်မှာတောင်မှ ပြုစုပျိုးထောင်ပေးရမှာ။ ဒီလိုစစ်ပွဲကာလမှာ မထိခိုက်ဖို့အတွက် အထူးကာကွယ်ပေးရမဲ့ အမျိုးအစားဖြစ်ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေဟာ သာမာန်အရပ်သားပြည်သူတွေကိုသာမကဘဲ ကလေးတွေအပေါ် သက်ရောက်မှုက တိုင်းပြည်အတွက် တကယ့် ဆိုးရွားတဲ့ အရာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ သေဆုံးမှုတွေမကဘဲ မျိုးဆက်တစ်ခုလုံး စိတ်ပိုင်းဆိုင်ရာထိခိုက်တဲ့ အနေအထားမျိုးတွေ ကြုံတွေ့နေရတာ ကျွန်တော်တို့ တိုင်းပြည်တည်ဆောက်ရေးအထိ ဆက်လက် ထိခိုက်နိုင်တဲ့အရာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို အခြေခံပြီး စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကျူးလွန်တဲ့ အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံအလိုက်တရားစွဲဆိုနိုင်မဲ့ လမ်းကြောင်းတွေဖြစ်ဖို့အတွက် သူတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း နည်းလမ်းရှာဖွေပြီးတော့ အချက်အလက်စုဆောင်းပေးပို့မှုတွေ လုပ်နေပါပြီ"
စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် စာသင်ကျောင်း ၁၁၉ ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာမရွာက စာသင်ကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဆရာမ တစ်ဦးနဲ့ ကလေး ၂၁ ဦး လက်နက်ကြီးစတွေ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ သာမန်အရပ်သားပြည်သူတွေကိုပစ်မှတ်ထားပြီး လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေ၊ ဖျက်အားပြင်းလက်နက်ကြီးတွေ အသုံးပြုတိုက်ခိုက်တာ အကြိမ်နှစ်ထောင့်သုံးရာကျော် (၂၃၅၁ ကြိမ်) ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီအချက်အလက်တွေဟာ NUG က မြေပြင် အခြေအနေတွေကို တိုက်ရိုက်မေးမြန်းစစ်ဆေးရရှိလာတဲ့ သတင်းအချက်အလက်တွေကို စုဆောင်းထားတာလို့ ဆိုပါတယ်။
စစ်ကောင်စီကြောင့် ကလေးငယ်ငါးရာနီးပါးသေဆုံးခဲ့ကြောင်းနဲ့ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။
စစ်ကောင်စီကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုမြောက်တာကြောင့် နိုင်ငံတကာရာဇဝတ်ခုံရုံးကို ICC ကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တိုက်တွန်းထားပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂၀၂၂ ဇန်နဝါရီလကနေ ၂၀၂၃ စက်တင်ဘာလကုန်အထိ အရပ်သား ၈၁၆ ဦး သေဆုံးခဲ့ပြီး၊ ၁၆၂၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။