ရေဦးမှာ စစ်ကြောင်းထိုးလို့ ဒေသခံငါးထောင်ကျော် ထွက်ပြေးနေရ
2024.08.16

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းကို သြဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းက ရွာတွေထဲစီနင်းလို့ ကျေးရွာ ၁၃ ရွာခန့်က ဒေသခံ ငါးထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ရေဦးဒေသခံတွေက ပြောပါတယ်။
သြဂုတ်လ ပထမအပတ်ထဲမှာ စစ်ကောင်စီဟာ ရေဦးမြို့ကို စစ်အင်အားဖြည့်တင်းမှုတွေ လုပ်ခဲ့ပြီးနောက် အခုလိုစစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။
အင်အား ရှစ်ဆယ်ခန့်ပါတဲ့ အဲဒီစစ်ကြောင်းဟာ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ပြီး ကျေးရွာတွေထဲ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး မုတ်စီ၊ ငြုပ်တုံ၊ ကြည်ကုံး၊ ခြုံရွာ၊ ကုန်းကြီးနဲ့ ကုန်းတန်းအပါအဝင် အနည်းဆုံး ကျေးရွာ ၁၃ ခန့်က ဒေသခံတွေ ထွက်ပြေးနေရတာပါ။
သြဂုတ် ၁၅ ရက်နေ့ ညမှာ အဲဒီစစ်ကြောင်းက ကြည်ကုံးနဲ့ ခြုံရွာတွေမှာ ညအိပ်ခဲ့ပြီး ဒီနေ့မနက်အထိ ပြန်မထွက်သေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က ကြည်ကုံး၊ ခြုံရွာတစ်ဝိုက်မှာ ညအိပ်တပ်စွဲပြီးတော့ ဒီနေ့မနက်မှာတော့ အဲဒီရွာတွေဘက်ကနေ ဒီပဲယင်းကိုလည်း မဝင်သေးဘူးပေါ့။ အဲဒီနားမှာပဲ ယောင်လည်လည် လုပ်နေတယ်”
စစ်ကြောင်း ရှိနေသေးတာကြောင့် ဒီနေ့မနက်အထိ ထွက်ပြေးနေရတဲ့ဒေသခံတွေ ကျေးရွာထဲ မပြန်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။
မနေ့က မိုးရွာခဲ့တာကြောင့် ဒေသခံတွေဟာ မိုးထဲရေထဲမှာ ထွက်ပြေးခဲ့ရပြီး ကလေးနဲ့ သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေးစိုးရိမ်စရာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
အလားတူ ဒီပဲယင်းမြို့နယ်မှာလည်း စစ်ကြောင်းဝင်မယ်ဆိုတဲ့သတင်းတွေကြောင့် ကျေးရွာဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြပြီး ဒီနေ့ မနက်အထိတော့ စစ်ကြောင်းဝင်ရောက်တာ မရှိသေးလို့ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခတွေကြောင့် ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ သုံးသန်းကျော် ရှိနေပါတယ်။ အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက စစ်ဘေးဒုက္ခသည် ၁၂ သိန်းကျော်နဲ့ အများဆုံးဖြစ်ပါတယ်။