ခွင့်ပြုချက်ရမှ ဒုက္ခသည်စခန်း ဖွင့်ရမယ်ဆိုတဲ့ အစိုးရကန့်သတ်ချက် ဝေဖန်ခံနေရ
2020.02.16
ရခိုင်ပြည်နယ် မြို့နယ်အတော်များများမှာ တိုက်ပွဲတွေကြောင့် နယ်မြေလုံခြုံမှုမရှိလို့ နေရပ်စွန့်ခွာ ထွက်ပြေးနေ ကြရတဲ့ စစ်ဘေးဒုက္ခသည်တွေကို အစိုးရ အသိအမှတ်မပြုဘဲ ဒုက္ခသည်စခန်းတွေ မဖွင့်ဖို့ တားမြစ်လိုက်တဲ့အပေါ် ဝေဖန်နေကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့ က မြေပုံမြို့နယ် စညှင်းကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ဒုက္ခသည်စခန်းကို ပိတ်သိမ်းဖို့ တပ်မတော်က ဖိအားပေးစေခိုင်းခဲ့ပြီးနောက်ပိုင်း အစိုးရခွင့်ပြုချက် မရဘဲ ဒုက္ခသည်စခန်း မဖွင့်ဖို့ တားမြစ်လိုက် တာပါ။
စညှင်းဒုက္ခသည်စခန်းကို အစိုးရက အသိအမှတ်မပြုသလို ထောက်ပံ့တာလည်း မရှိဘူးလို့ အဲဒီစခန်း တာဝန်ခံ ဦးဇင်း အာရက္ခ က မိန့်ပါတယ်။
“အစိုးရက ဒီနေရာကို အသိအမှတ်ပြုတာမျိုး အကြောင်းမကြားဘူး ထောက်ပံ့တာလည်းမရှိဘူး။ ICRC ကို ကမ်းလှမ်းတယ် သူတို့က အထက်ကိုတင်ပြတာ ခွင့်ပြုချက်မရလို့ဆိုပြီး အခုချိန်ထိ ဘာမှမရသေးဘူး”
တိုက်ပွဲဖြစ်ပွားတဲ့မြို့နယ်တွေမှာ အစိုးရက ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ပေးထားပြီး အဲဒီစခန်းတွေကိုသာ လာရောက်ခိုလှုံကြရမယ်လို့ ပြည်နယ် အစိုးရက ပြောပါတယ်။
အဆင်ပြေတဲ့နေရာမှာပဲ အလွယ်တကူ ဒုက္ခသည်စခန်းဖွင့်ပြီး နေကြတာဟာ နယ်မြေလုံခြုံရေးအရ စိုးရိမ်ရ တာကြောင့် တားမြစ်လိုက်တာလို့ ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။
“ဟုတ်တယ်လေ အဲဒါက စစ်ရှောင်စခန်းတွေကို ဆောက်တဲ့နေရာမှာ ဘေးလွှတ်ကင်းတဲ့ နေရာမှာဆောက်ဖို့။ စစ်နဲ့နီးစပ်တဲ့ နေရာတွေမှာဆောက်ရင် ပြည်သူတွေလည်း အန္တရာယ်ဖြစ်နိုင်လို့ ဘေးလွှတ်ကင်းတဲ့ နေရာမှာဆောက်ဖို့။ ဌာနဆိုင်ရာတွေကို စစ်ရှောင်စခန်းဆောက်ရင် အမှန်အေးချမ်းတဲ့ နေရာမှာဆောက်ဖို့ အေးချမ်းတဲ့နေရာမှာပဲ ထားသင့်တယ်လေ”
အစိုးရခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတွေကို ရိက္ခာထောက်ပံ့မှာ မဟုတ်ဘူးလို့လည်း ပြည်နယ်အစိုးရက ပြောထားပါတယ်။
အချိန်မရွေး၊ နေရာမရွေးဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်တွေစွန့်ပြီး ရုတ်တရက် ထွက်ပြေးရတဲ့ ဒေသခံတွေဟာ အစိုးရ ဖွင့်ပေးထားတဲ့ ဒုက္ခသည်စခန်းတွေအထိသွားဖို့ ခက်ခဲနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရ ဖွင့်ထားတဲ့ စခန်းတွေက မြို့ပေါ်တွေမှာဖြစ်လို့ အလှမ်းဝေးလွန်းတာကြောင့်လို့ ပြောကြပါတယ်။
အစိုးရက လုံခြုံရေးအကြောင်းပြပြီး ကန့်သတ်တယ်ဆိုပေမယ့် တကယ့်လက်တွေ့မှာတော့ ဒုက္ခသည်တွေကို ပိုပြီးခက်ခဲစေတယ်လို့ ရခိုင်မျိုးနွယ်စုများ အစည်းအရုံး REC ဥက္ကဋ္ဌ ဦးရွှေဘော်စိန် က ပြောလိုက်ပါတယ်။
“နယ်မြေလုံခြုံရေး အကြောင်းပြတာဖြစ်ဖြစ် အစိုးရခွင့်ပြုချက်ရမှ ဆောက်ရမှာဖြစ်ဖြစ်။ လက်ရှိမှာ သူတို့ ဘယ်လိုနေထိုင်ကြလဲ ဘယ်လိုအခက်အခဲကြုံနေကြလဲ သူတို့ရိက္ခာဘယ်လို လိုအပ်နေလဲ ဒါကိုမကြည့်ပဲ အဝေးကနေ ပြောနေရင် လူသားချင်းစာနာထောက်ထားမှုဆိုတာ စာရွက်ပေါ်မှာပဲရှိနေတယ်၊ လက်တွေ့မှာ ပြည်သူရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ ဘယ်လိုမှမဆိုင်ဘူး”
ဒုက္ခသည်တွေကို မြို့ပေါ်က စခန်းတွေကို ခေါ်မယ်ဆိုရင် စားဝတ်နေရေးအကုန် စီစဉ်ပေးနိုင်ဖို့ လိုတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ထောက်ပြပါတယ်။
“အစိုးရသတ်မှတ်ပေးတဲ့ ဒုက္ခသည်စခန်းမှာပဲ နေရမယ်ဆိုရင် သူတို့အတွက် အစားအသောက်အနေထိုင် အားလုံးစီစဉ်ပေးမှ အဆင်ပြေလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒုက္ခသည်ဖြစ်လာရင် အစိုးရက ကူညီဖို့ တာဝန်ရှိတယ်၊ ဟိုနေရာမှာနေမှ ဒီနေရာမှာနေမှဆိုတာ အဆင်မပြေဘူးထင်တယ်”
ဒုက္ခသည်တွေ ထွက်ပြေးရောက်ရှိနေတဲ့ နေရာမှာ ဒုက္ခသည်စခန်း အရေးပေါ်ဖွင့်ဖို့ အစိုးရက စီစဉ်ပေးရမယ့် တာဝန် ပျက်ကွက်နေတယ်လို့ ဝေဖန်လိုက်တာက ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေပါ။
“အုပ်ချုပ်ရေးမှူးတွေကို သူတို့ပြောတာရှိတယ်။ အုပ်ချုပ်ရေးမှူးက တဆင့်ပေါ့လေ သူတို့အိမ်မှာနေတာတော့ မပါဘူးပေါ့။ ဒါပေမဲ့ အဲလိုစည်းနဲ့လည်း လုပ်ခွင့်မပြုတော့ သူတို့အခက်တွေ့တယ်။ အစိုးရသည် နိုင်ငံတော်မှာ တာဝန်အရှိဆုံးပုဂ္ဂိုလ် စစ်ဘေးရှောင်တွေအတွက်လည်း သူတို့မှာ တာဝန်ရှိနေတယ် စစ်ဘေးရှောင်တွေ ရောက်လာရင် စစ်ဘေးရှောင်စခန်းဖွင့်ကို ဖွင့်ပေးရမှာ သူတို့တာဝန်” လို့ ပြောပါတယ်။
အရပ်ဖက်အဖွဲ့တွေ၊ လူမှုရေးအဖွဲ့တွေက ကူညီပေးနေတာကို တားမြစ်တာ မဖြစ်သင့်ဘူးလို့ ကန့်ကွက်တာက ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေပါ။
“ကျွန်တော်တို့ ဒီလိုဒုက္ခရောက်ပြီးလာတဲ့သူတွေ နေဖို့ကိုတောင် မနေရဘူးဆိုတာ တော်တော်လွန်နေပြီ၊ အစိုးရက ဒီနေရာမှာနေပါ ဒါတွေလုပ်ပါဆိုတာ သူတို့စီစဉ်ပေးရမှာ၊ သူတို့ပျက်ကွက်နေတာကို ပြည်သူတွေလုပ်ပေးနေတာကို ဒီလိုလုပ်တာ ဒါကတော်တော်လွန်တယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းခြောက်ထောင်ကျော်ရှိနေပါပြီ။
ဒီစာရင်းဟာ ဒုက္ခသည်တွေအရေး ကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသားများ မျိုးနွယ်စုအစည်းအရုံး REC က ပြုစုထားတာပါ။ ဒီစာရင်းဟာ အစိုးရမှာရှိတဲ့ ဒုက္ခသည်အရေအတွက်နဲ့ ထက်ဝက်ကျော် ကွာဟနေပါတယ်။ အစိုးရဆီက စာရင်းဟာ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီက တင်ပြတဲ့ စာရင်းပါ။ တကယ့်လက်တွေ့မြေပြင်မှာတော့ ဒုက္ခသည်က နှစ်ဆလောက် ရှိနေတာပါ။
အစိုးရမှာရှိတဲ့ စာရင်းအရပဲ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆန်ရိက္ခာထောက်ပံ့တဲ့အပြင် နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကလည်း ကူညီထောက်ပံ့တာပါ။
လက်ရှိအချိန်ထိ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ မင်းပြား၊ ကျောက်တော်နဲ့ ပလက်၀ မြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေဆဲပါပဲ။ အခုလို တိုက်ပွဲကာလကြာလာတာနဲ့အမျှ ဒုက္ခသည် အရေအတွက် တစ်နေ့တစ်ခြား တိုးလာနေပေမယ့် အစိုးရဆီ စာရင်းမရောက်လို့ ရိက္ခာအကူအညီ မရတဲ့ ဒုက္ခသည်တွေ များစွာရှိနေပါတယ်။
ဒီဒုက္ခသည်တွေဟာ လူမှုရေးအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့တွေရဲ့ အကူအညီနဲ့သာ ရပ်တည်နေရလို့ စားနပ်ရိက္ခာ ခက်ခဲနေပါတယ်။