မြေပုံမြို့ ဒုက္ခသည်စခန်းကို ရိက္ခာပို့ခွင့် တပ်က တားမြစ်
2020.01.29

မင်းပြား၊ ကျောက်တော်၊ မြောက်ဦး ဘက်က စားနပ်ရိက္ခာအကူအညီပေးဖို့ လာသူတွေကို ယောချောင်းတံတားမှာ စစ်ဆေးတားမြစ်နေပြီး၊ မြေပုံ၊ အမ်းဘက်က စားနပ်ရိက္ခာ တင်ဆောင်လာသူတွေကိုတော့ ကဇုကိုင်းတံတား အနီးမှာ စစ်ဆေးတားမြစ်တာတွေ လုပ်နေတယ်လို့ စညှင်းကျေးရွာ ဒုက္ခသည်စခန်း တာဝန်ခံ ဦးဇင်းဦးအာရက္ခက မိန့်ပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို ဆန်ရိက္ခာ အကူအညီပေးဖို့ ဆောင်ရွက်နေတဲ့ ရင်ငွေ့ပန်း စစ်ဘေးရှောင် ကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ကိုရွှေစိုးက ရိက္ခာဆန်သွားပို့ချိန်မှာ ကြုံခဲ့တဲ့ ခက်အခဲကို အခုလိုပြောပါတယ်။
“ကျွန်တော်သွားတာက ၂၇ ရက်က သွားတာ။ သူတို့ကကားတွေအကုန်လုံးကို တားတယ်။ ဒေသခံတွေကတော့ ပြောတယ်။ ဆန်တွေပါရင်တော့ မသွားနဲ့ ။ သူတို့နဲ့ ပြဿနာဖြစ်နိုင်တယ်ဆိုပြီး ပြောတယ်။ ဒါကြောင့် ကျွန်တော်လည်း ပြဿနာမဖြစ်ချင်လို့ ပြန်လှည့်လာလိုက်တယ်။ တခြားကားတွေတော့ လွှတ်ပေးတယ်။ ဆန်တစ်မျိုးကိုပဲ မလွှတ်ပေးဘူး။”
စညှင်းစစ်ဘေးရှောင်စခန်းကို ဇန်နဝါရီလ ၁၇ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ဒုက္ခသည် ၃၇၅ ယောက် ခိုလှုံနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒုက္ခသည်အရေအတွက် တိုးလာနေပြီး စားနပ်ရိက္ခာ ပြတ်လပ်နေပြီလို့ ဦးဇင်းဦးအာရက္ခက မိန့်ပါတယ်။
စားနပ်ရိက္ခာဆန် သယ်ယူခွင့်မပြုတာနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
စညှင်းကျေးရွာအနီးမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အနီးအနားကျေးရွာတွေဖြစ်တဲ့ ဟင်းခရော၊ ဆတ်ရ၊ အင်ကြင်းကျေးရွာတွေက စစ်ဘေးရှောင်သူတွေ လာရောက်နေကြတာဖြစ်ပါတယ်။
စစ်ဘေးရှောင်ဆိုတာ ဘက်နှစ်ဘက်ကြားမှာ မြေဇာပင်ဖြစ်နေရတဲ့ ပြည်သူတွေဖြစ်ပြီး အစိုးရရဲ့ ကူညီထောက်ပံ့မှု အားနည်းချိန်မှာ တခြားအဖွဲ့အစည်းတွေရဲ့ အကူအညီပေးမှုကို မပိတ်ပင်သင့်ဘူးလို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။
“ရိက္ခာပြတ်လပ်နေတာကတော့ မနေ့က အဲဒီမှာ တာဝန်ယူဆောင်ရွက်နေတဲ့ ဆရာတော်တစ်ပါးက မိန့်ကြားတာကတော့ ဆန် သုံးအိတ်ပဲရှိလို့ ကမ်းထောင့်ကြီးမြို့မှာသွားပြီး အလှူခံနေတယ်လို့တော့ ကျွန်တော့်ကိုသတင်းပို့တယ်။ သူတို့လည်း မတတ်သာလို့ အိမ်နဲ့စီးပွားလုပ်ငန်းတွေကိုပစ်ပြီး လာပြီးတိမ်းရှောင် နေရတာဖြစ်ပါတယ်။ ဒါကိုနိုင်ငံတော်ကိုယ်တိုင်က ထဲထဲဝင်ဝင် ကူညီဖို့သင့်တယ်လို့ မြင်တယ်။ အခု အချိန်မှာတော့ နိုင်ငံတော်ဘက်က ကူညီမှုတွေ အားနည်းနေတယ်။”
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စညှင်းကျေးရွာ ဘောလုံးကွင်းမှာ ဖွင့်လှစ်ထားတဲ့ ဒီဒုက္ခသည်စခန်းကို ဖျက်သိမ်းဖို့ တပ်မတော်စစ်ကြောင်းတစ်ခုက ဖိအားပေးစေခိုင်းခဲ့တာတွေ ရှိခဲ့ပါတယ်။
စညှင်းရွာအနီးမှာ AA နဲ့ တပ်မတော်စစ်ကြောင်းတို့ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေတာ၊ စစ်ဘေးရှောင်စခန်းကို AA အဖွဲ့က ရွာသားအသွင် ဝင်ထွက်နေတာတွေကြောင့် စစ်ရှောင်စခန်းကို ဖယ်ရှားပေးဖို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဇန်နဝါရီလ ၂၇ ရက်ကသတင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုဖိအားပေးဖယ်ရှားခိုင်းခဲ့ပြီး တပ်မတော်စစ်ကြောင်းတွေ မကြာခဏစခန်းနားက ဖြတ်သန်းသွားလာ နေတာကြောင့် စစ်ဘေးရှောင်တွေဟာ စခန်းမှာ ခိုလှုံနေရပေမယ့် လုံခြုံမှုမရှိဘူးလို့ ခံစားနေရတဲ့အပြင် ကြောက်လန့်နေကြရတယ်လို့ ဦးဇင်းဦးအာရက္ခက မိန့်ပါတယ်။
“ဖြိုဆိုရင်တော့ ဖြိုပေးရမှာပဲလေ။ ဘာမှမတတ်နိုင်ဘူး။ ဒါပေမဲ့ ဒီဒုက္ခသည်တွေရဲ့ လုံခြုံရေးကို အပြည့်အ၀ တာဝန်ယူမယ်။ ဒီဒုက္ခသည်တွေအတွက် နေရာချပေးမယ်ဆိုရင်တော့ ဒီက ဒုက္ခသည်တွေလည်း ပြောင်းပေးဖို့ အဆင်သင့်ပါ။”
ရခိုင်ပြည်နယ်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်တဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲ တွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းခြောက်ထောင်ကျော် ရှိနေပြီလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ REC ကထုတ်ပြန်ထားပါတယ်။
စစ်ဘေးဒုက္ခသည် ထက်ဝက်လောက်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ မဟုတ်ဘဲ နီးစပ်ရာနေရာ တွေမှာ ခိုလှုံနေကြရပြီး ကာလကြာရှည်လာတဲ့ တိုက်ပွဲတွေကြောင့် အဲဒီဒုက္ခသည်တွေရဲ့ စားသောက်နေထိုင်ရေး အခက်အခဲတွေ ကြုံနေကြပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီ အစဉ် WFP နဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC တို့က စားနပ်ရိက္ခာ အကူအညီပေးနေတာ ဖြစ်ပါတယ်။