ဖားကန့်မြို့အဝင်အထွက် ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံထားရ
စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့ရဲ့ အဝင်အထွက် ကားလမ်းတွေကို စစ်ကောင်စီတပ်က ပိတ်ဆို့ဖြတ်တောက်ထားတယ်လို့ ဖားကန့်ဒေသခံတွေက ဇန်နဝါရီလ ၁၇ ရက်နေ့မှာ RFA ကို ပြောပါတယ်။
ဖားကန့်မြို့အဝင် လယ်ပြင်ဂိတ်နေရာမှာတော့ စစ်ကောင်စီတပ်က ဖားကန့်မြို့ အဝင်၊ အထွက်ကားတွေကို ဝင်ထွက်ခွင့်မပြုတော့တာ သုံးရက်ခန့်ရှိလာပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ပိတ်ထားတာက သုံးရက်ရှိပြီ။ သွားလာဖို့ အရေးကြီးတဲ့သူတွေက တော်တော် ခက်ခဲနေကြတယ်။ ဝှေခါဘက်မှာလည်း တိုက်ပွဲတွေကဖြစ်နေဆဲပဲ။ စစ်ကောင်စီဘက်က လေကြောင်းနဲ့ လာပစ်တာတွေလည်းရှိတယ်။ ဒီဗျူဟာကုန်းကလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတယ်"
ဇန်နဝါရီလ ၆ ရက်နေ့ကစလို့ ဖားကန့်မြို့နယ်ထဲက ဝှေခါစစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနဲ့ နမ့်တိန်ရွာက တပ်စခန်းတွေကို KIA က တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာလို့ သူကဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်လာတာ မရှိသေးပါဘူး။
KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ဖားကန့်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က လမ်းတွေပိတ်ထားသလို တိုက်ပွဲတွေလည်း ပြင်းထန်နေဆဲပဲလို့ RFA ကို ပြောပါတယ်။
"အဲဒီဘက်မှာ တိုက်ပွဲပြင်းထန်နေဆဲပဲဖြစ်တယ်။ ပုံမှန်လို စောင့်ကြည့်နေကြတယ်။ အဲဒါကြောင့် လမ်းတွေပိတ်ထားတယ်၊ စကစဘက်က။ အဲဒီဘက်မှာ တိုက်ပွဲ ဖြစ်တာလည်းကြာပြီ။ ဝှေခါ၊ နမ့်တိန်ရွာဘက်မှာ ပုံမှန်တင်းမာနေဆဲပဲ"
မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းနဲ့ ဝှေခါရွာတွေဘက်မှာ နှစ်ဖက်တပ်တွေက စစ်အင်အား တိုးထားပြီး တိုက်ပွဲတွေဆက်ဖြစ်နေတဲ့ လူဦးရေ နှစ်သောင်းခန့်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။