တရုတ်သံအမတ်နဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဥက္ကဋ္ဌတို့ နေပြည်တော်မှာ တွေ့ဆုံ

RFA Burmese
2024.04.11
တရုတ်သံအမတ်နဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဥက္ကဋ္ဌတို့ နေပြည်တော်မှာ တွေ့ဆုံ စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တရုတ်သံအမတ်ကြီး Mr. Chen Hai တို့ ၂၀၂၄ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ (Photo: Facebook/ Chinese Embassy in Myanmar)
Facebook/ Chinese Embassy in Myanmar

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ ဧပြီလ ၁၀ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

မြန်မာပြည်တွင်းပဋိပက္ခ ရပ်တန့်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှု ဖော်ဆောင်ရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ဧပြီလ ၁၁ ရက်နေ့မှာတော့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ထပ်မံတွေ့ဆုံခဲ့ပြီး အွန်လိုင်း ငွေလိမ်ဂိုဏ်းနှိမ်နင်းရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ တရုတ်သံရုံးက ပြောပါတယ်။

တရုတ်သံအမတ်နဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဥက္ကဋ္ဌတို့ တွေ့ဆုံတာကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလိုပဲ ရခိုင်ပြည်နယ်က တိုက်ပွဲတွေရပ်သွားဖို့အတွက် တရုတ်နိုင်ငံက နည်းလမ်းရှာနေတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“AA ရဲ့ထိုးစစ်က ရခိုင်တစ်ပြည်နယ်လုံးကို လွှမ်းခြုံသွားမယ့်အခြေအနေရှိနေတာမှာ သူ့အကျိုးစီးပွားတွေ ကာကွယ်ဖို့အတွက်က ရခိုင်မှာက ရှမ်းမြောက်လိုပဲ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တစ်ရပ်ပေါ်ဖို့ သူ့အတွက် အရေးကြီးနေတယ်။ အဲဒါကြောင့် သဘောထားမေးတာ နည်းလမ်းရှာတာတွေလုပ်ဖို့ တရုတ်သံအမတ်က လိုက်လံတီးခေါက်နေတာ”

တရုတ်သံအမတ်ဟာ ဧပြီလ ၅ ရက်နေ့တုန်းကလည်း အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေးနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ကို တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းရဲ့ ဧပြီလ ၁ ရက်နေ့ နေပြည်တော် ခရီးစဥ်မှာလည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးကိစ္စ၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနှိမ်နင်းရေးနဲ့ နယ်စပ်ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တရုတ်-မြန်မာ ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ နယ်စပ်မြို့တွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သိမ်းပိုက်ထားသလို တရုတ်စီမံကိန်းတွေရှိနေတဲ့ ရခိုင်ပြည်နယ်မှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။