နေပြည်တော်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

2021.12.21
နေပြည်တော်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ နေပြည်တော်မှာ စစ်ကောင်စီယာဉ်တန်းကို တွေ့ရစဉ်
AFP Photo

နေပြည်တော်ကောင်စီနယ်မြေမှာ ဒီဇင်ဘာ ၂၀ ရက် မနေ့က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်သား ၁၂ ဦး သေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF (နေပြည်တော်) က ဒီဇင်ဘာ ၂၀ ရက် ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ပြည်ထောင်ကိုးကျေးရွာအုပ်စု လက်ဖက်တောင်ရွာအနီးမှာ စစ်ကောင်စီတပ်ယာဉ်တန်းကို ဒီဇင်ဘာလ ၂၀ ရက်နေ့ မနေ့က မနက် ၁၁ နာရီခွဲလောက်မှာ မိုင်းဆွဲတိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။

စစ်ကားတစ်စီး မိုင်းထိလို့ ချောက်ထဲကျသွားပြီး နောက်ကပါလာတဲ့ စစ်ကားတစ်စီးနဲ့ PDF တပ်ဖွဲ့တွေ အပြန် အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ နေပြည်တော် (PDF) ဒု-တာဝန်ခံ ဗိုလ်ငွေစိုး က ပြောပါတယ်။

“ ၁၂ ယောက်ပါတဲ့ ကားတစ်စီးက ကျနော်တို့ခွဲလိုက်တဲ့မိုင်းနဲ့ လုံးလုံးချောက်ထဲကျသွားတယ်။ နောက်မှာပါလာတဲ့ တစ်စီးနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်တော့ သူတို့ဘက်က ငါးဦးထက်မနည်း ဒဏ်ရာရရှိတယ်။ မနေ့ကညနေထိ ချောက်ထဲက ပြန်ထုတ်နေတာ ကိုးလောင်းလောက်ရှိပြီလို့ သတင်းရတယ်”

အခုမိုင်းခွဲတိုက်ခိုက်မှုကို နေပြည်တော် (PDF) တပ်ရင်း (၈၀၂)၊ တပ်ခွဲ ၅ ရဲ့ လက်ချက်ဖြစ်ပြီး PDF တပ်ဖွဲ့ ဘက်ကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်နိုင်ဖို့ ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃၀ ရက်ကလည်း ပျဉ်းမနား ပြည်ထောင်ကိုး ကျေးရွာအုပ်စုအတွင်းမှာ စစ်ကောင်စီတပ်နဲ့ နေပြည်တော် (PDF) တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဆယ်ဦးထက်မနည်း သေဆုံး ခဲ့တယ်လို့ နေပြည်တော် PDF က ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။