ရေစကြိုမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံး
မကွေးတိုင်း ရေစကြိုမြို့မှာ စက်တင်ဘာလ ၁၇ ရက် မနေ့ညက စစ်ကောင်စီယာဉ်တန်းကို ရေစကြို PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ရေစကြို PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဆိုင်ကယ်၊ ကားတွေနဲ့ လုံခြုံရေး ကင်းလှည့်နေတဲ့ စစ်ကောင်စီယာဉ်တန်းဟာ စက်တင်ဘာ ၁၇ ရက် ည ၁၀ နာရီခန့်က ရေစကြိုမြို့အဝင်မှာ မိုင်းဆွဲ တိုက်ခိုက်ခံလိုက်ရတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးထက် မနည်း သေဆုံးခဲ့တယ်လို့ ရေစကြို PDF တပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြု ပြောပါတယ်။
"မနေ့ည ၁၀ နာရီလောက်မှာ မြို့ထဲကနေ သူတို့က ပုံမှန်ကင်းပတ်ပြီးအပြန် မြို့ကအထွက် မိုင်းနှစ်လုံး အဆွဲခံရတာ။ ဆိုင်ကယ် ရှစ်စီး။ တစ်စီးကို နှစ်ယောက်နဲ့။ ကားနှစ်စီးနဲ့လာတဲ့ ယာဉ်တန်းကို မိုင်းဆွဲ လိုက်တာ။ ကားပေါ်က လူတွေတော့ မထိဘူး။ ဆိုင်ကယ်ပေါ်က လူတွေတော့ တော်တော်ထိတယ်။ မိုင်းက နှစ်လုံး ဆိုတော့လေ။ ထိခိုက်မှုကတော့ သေတာ ၁၀ ယောက်ရှိမယ်"
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ အနီးအနားက ရွာတွေကို လက်နက်ကြီးတွေနဲ့ ရှစ်ချက်ခန့်ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့လည်း ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ကလည်း ပခုက္ကူဘက်က လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ရေစကြို PDF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သလို စက်တင်ဘာလ ၉ ရက်နေ့ကလည်း အမှတ် (၄) ရပ်ကွက်၊ ဖောင်တော်ဦးရပ် မှာရှိတဲ့ ရေစကြိုမြို့နယ် ရဲစခန်းကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်နဲ့ Fight For Justice Yesagyo (FFJ-YSO) တို့ ပူးပေါင်းပြီး ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။