ကွတ်ခိုင် နမ့်ပါချီးရွာအနီး စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ကနေ ကွတ်ခိုင်မြို့ဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို ဒီဇင်ဘာ ၈ ရက် ဒီနေ့မနက် နှစ်နာရီလောက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုက ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တစ်နာရီနီးပါး အပြန်အလှန်ပစ်ခတ်သံတွေကို ကြားနေရပြီး ဒီမနက်မှာ ပျက်စီးသွားတဲ့ စစ်ကောင်စီ ကားတစ်စီးကို ကွတ်ခိုင်မြို့ဘက်ကို ဆွဲယူလာတာမြင်ရတယ်လို့ ကွတ်ခိုင်မြို့ ဒေသခံတွေက ပြောပါတယ်။
ဘယ်အဖွဲ့က တိုက်ခိုက်တယ်ဆိုတာ တိတိကျကျ မသိရပေမယ့် ဒေသအခြေစိုက် သတင်းတွေမှာတော့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA က တိုက်ခိုက်ခဲ့တာလို့ ဖော်ကြပါတယ်။
စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရတာတွေ ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပေမဲ့ အရေအတွက် အတိအကျကို RFA အနေနဲ့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။ စစ်ကောင်စီဘက်ကိုလည်း အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
ကွတ်ခိုင်မြို့နယ်ထဲမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေ လှုပ်ရှားလေ့ ရှိပါတယ်။
ဒီဇင်ဘာလ ၇ ရက် မနေ့ညပိုင်းကလည်း သိန္နီမြို့ကနေ ကွမ်လုံဘက်ကိုသွားတဲ့ ပန်လော့တိုးဂိတ်မှာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး ခရီးသည်ကားမှာပါလာတဲ့ ယာဉ်မောင်းနဲ့ သားဖြစ်သူနှစ်ဦးနဲ့ တိုးဂိတ်ဝန်ထမ်း တစ်ဦး၊ စုစုပေါင်း သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။