ပုလဲမှာ စစ်ကောင်စီယာဉ်တန်း နှစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ စစ်ကောင်စီယာဉ်တန်းကို နှစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက် က အများအပြား သေဆုံးသူတွေရှိတယ်လို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာ ၁၀ ရက်၊ ဒီနေ့မနက် သတင်း ထုတ်ပြန်ပါတယ်။
ဂန့်ဂေါဘက်ကနေ ပုလဲဘက်ကိုဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကိုးလောင်းပြိုင်ကွေ့နားမှာ တစ်ကြိမ်နဲ့ သရက်ကန်လမ်းခွဲအနီးမှာ တစ်ကြိမ် မိုင်းခွဲတိုက်ခဲ့တာလို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်နဂါးက RFA ကို ပြောပါတယ်။
"စစ်ယာဉ်တန်းမှာ စစ်ကားတွေအပြင် ဆိုင်ကယ်တွေ၊ စစ်သားတွေစီးလာတဲ့ အိတ်စပရက် ကားကြီးတွေ ပါတယ်။ ကိုးလောင်းပြိုင်နားမှာတော့ စလစ်အိုးမိုင်းတွေ စီထားပြီး တစ်ဘက်ဖွင့်စိန်ပြောင်း မိုင်းတွေနဲ့ ပါ ပြိုင်တူစွဲလိုက်တာ ဆိုင်ကယ် သုံးစီးက လွင့်ထွက်သွားတယ်။ အိတ်စပရက်ကားကြီးဆို မှောက်သွားတယ်။ အဲဒီကနေ သူတို့ဆက်ထွက်လာတော့ ကားတွေ တစ်စီးနဲ့ တစ်စီး ကိုက် ၂၀၀ လောက် ခွာမောင်းကြတယ်။ သရက်ကန်လမ်းခွဲနား အရောက်တော့ ရဲတွေပါလာတဲ့ ခွေးဘီလူးကား မိုင်းခွဲခံရတယ်။ သေနတ်တွေနဲ့ ပြန်ပစ်လို့ PDF တွေလည်း ရှောင်လာခဲ့တယ်။ ဒီဘက်က အထိအခိုက်တော့ မရှိပါဘူး"
ပုလဲ PDF တပ်ဖွဲ့ဝင်တွေလည်း အချိန်မီ ဆုတ်ခွာလာခဲ့ရတာကြောင့် သေဆုံးသူအရေအတွက် အတိအကျ ကိုတော့ စာရင်းလိုက်မကောက်နိုင်ခဲ့ဘူးလို့ ဗိုလ်နဂါးက ပြောပါတယ်။
ပုလဲ PDF အဖွဲ့အနေနဲ့ စစ်ကောင်စီ တပ်သားတွေကို အဓိကထား တိုက်ခိုက်နေပေမယ့် ဒေသခံ ရဲတွေ ဟာလည်း ပြည်သူတွေကို အနိုင်ထက် ပြုကျင့်လာတာတွေရှိလို့ သတိပေးထားတဲ့ကြားက တိုက်ခိုက်မှုတွေ လုပ်နေပြီလို့ ဗိုလ်နဂါးက ဆိုပါတယ်။
ဒီနေ့ ပုလဲမြို့နယ်ထဲမှာ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။
အောက်တိုဘာ လဆန်းပိုင်းကစပြီး စစ်ကိုင်းတိုင်းထဲကို စစ်ကောင်စီတပ်တွေက စစ်သည်အင်အား၊ လက်နက်အင်အား ဖြည့်တင်းလာနေပါတယ်။
အောက်တိုဘာ ၄ ရက် မနက်ပိုင်းက ကားအစီး ၈၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းကို ပုလဲမြို့နယ်ထဲမှာ ပုလဲ PDF တပ်ဖွဲ့က မိုင်း ၂၇ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ကားငါးစီးထက်မနည်း ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာရသူတွေ လည်းရှိတယ်လို့ ပုလဲ PDF က ဆိုပါတယ်။ အောက်တိုဘာလ ၃ ရက်မနေ့ကလည်း ပုလဲမြို့ ဝန်ပြင်ရွာအနီး စစ်ကောင်စီယာဉ်တန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ပုလဲ PDF က ထုတ်ပြန် ထားပါတယ်။