တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်သား ၅၀ နီးပါး KNU ထံ လက်နက်ချ

RFA Burmese
2024.04.16
တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်သား ၅၀ နီးပါး KNU ထံ လက်နက်ချ ခလရ (၁၀၃) တပ်ရင်းထံမှ လက်နက်ချအညံ့ခံသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့က KNU မှ ထုတ်ပြန်ခဲ့စဉ်။
𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

တနင်္သာရီတိုင်း မြိတ်မြို့အခြေစိုက် ခလရ (၁၀၃) စစ်ကောင်စီတပ်က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၄) မှာ လက်နက်ချခဲ့တယ်လို့ KNU ဗဟိုက ဧပြီလ ၁၆ ရက် ဒီနေ့မနက်က ထုတ်ပြန်ပါတယ်။

အဲဒီ ခလရ (၁၀၃) က စစ်ကောင်စီတပ်သားတွေဟာ ဧပြီလ ၁၅ ရက် မနေ့က ထီးထာ့ ဗျူဟာကို အင်အားစုဖွဲ့ဖို့ ပြန်လာတဲ့လမ်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ အမှတ် (၄) က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးခန့် သေဆုံးခဲ့ပြီးနောက် ကျန်တပ်ဖွဲ့ဝင်တွေက လက်နက်ချခဲ့တာလို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီဖြစ်ရပ်ဟာ တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီတပ်က ပထမဆုံးအကြိမ် အစုအဖွဲ့လိုက် လက်နက်ချခဲ့တာလို့ မြိတ်ခရိုင်တော်လှန်ရေးအဖွဲ့က ပြန်ကြားရေး တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ တနင်္သာရီတိုင်းမှာ ပထမဦးဆုံး စပြီးတော့ အလင်းဝင်တယ်လို့ ပြောလို့ရမှာပေါ့။ မနေ့က အလင်းဝင်တယ်လို့ ကြားတယ်ဗျ"

အဲဒီလက်နက်ချတဲ့ စစ်ကောင်စီတပ်ဟာ တနင်္သာရီမြို့နယ်နဲ့ ပုလောမြို့နယ်တွေမှာ စစ်ရေးလှုပ်ရှားလေ့ရှိတယ်လို့ ပြောပါတယ်။

ထားဝယ်နဲ့ ပုလောမြို့နယ်တွေဘက်မှာ KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းစစ်ဆင်ရေးတွေ လုပ်ဆောင်နေတာလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း လူမှုရေးရာဝန်ကြီး ဦးသက်နိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဘက်ကတော့ စစ်ကောင်စီတပ်ဖွဲ့ကနေ လက်နက်ကြီး၊ လက်နက်ငယ် ၆၇ လက် သိမ်းဆည်းရမိခဲ့ပြီး လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးကို နိုင်ငံတကာ လက်နက်ချခြင်းဆိုင်ရာ ဥပဒေတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။