ချင်းနဲ့ ကယားမှာ တိုက်ပွဲတွေ ပြင်းထန်နေ
2021.08.16
ချင်းပြည်နယ် မင်းတပ်မြို့မှာ သြဂုတ် ၁၅ ရက်ကနေ သြဂုတ် ၁၆ ရက် ဒီနေ့မနက်ပိုင်းအထိ ဒေသခံကာကွယ် ရေးတပ်ဖွဲ့ CDF နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က အယောက် ၂၀ နီးပါး သေဆုံးခဲ့တယ်လို့ မင်းတပ် CDF တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန် က ပြောပါတယ်။
“မနေ့က တိုက်ပွဲက နှစ်နေရာမှာဖြစ်တယ်။ ၁၄ မိုင်အကျော်နားလေးမှာ တစ်ကြိမ်ဖြစ်တယ်။ ၁၆ မိုင်မှာ တစ်ကြိမ်ဖြစ်တယ်။ မိုးတွေ သည်းတယ်။ မှိုင်းတွေ အရမ်းတိုက်တယ်။ စကစဘက်က မနားတမ်းဘဲ လက်နက်ကြီးတွေနဲ့ မရေမတွက်နိုင်အောင် ဘယ်လိုပြောရမလဲ မိုးရွာသလို ပစ်နေတယ်။ အဲဒီမှာ တိုက်ပွဲ တွေဖြစ်ပြီးတော့ စကစဘက်က ၁၅ ယောက်ကျော် ၂၀ နီးပါး အဲလောက် ကျဆုံးတယ်လို့ ခန့်မှန်းရတယ်။ ဒဏ်ရာရတဲ့သူလည်း အများအပြားရှိတယ်။ CDF ဘက်ကတော့ ထိခိုက်ဒဏ်ရာရတဲ့သူ မရှိဘူးခင်ဗျ။ ဒီနေ့ကတော့ ၁၆ မိုင်အကျော်နားမှာ ဒီနေ့မနက် တိုက်ပွဲတွေ ခဏဖြစ်တယ်။ အခုတော့ ထပ်ပြန်မဖြစ် သေးဘူး”
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတပ်မြို့ခံတစ်ဦးကလည်း မင်းတပ်- မတူပီလမ်း မိုင်တိုင်အမှတ် ၁၆ လမ်းဆုံနားရှိ နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ RFA ကို ပြောပါတယ်။
“မနေ့က ၁၂ နာရီနဲ့ ၁ နာရီဝန်းကျင်နားမှာ စကစဘက်ကနေပြီး မင်းတပ်- မတူပီ မိန်းလမ်းအတိုင်းတက် လာတော့ CDF နဲ့ တွေ့တယ်။ အဲဒီကနေ CDF က ထပ်ဆုတ်ပေးတယ်။ အဲဒီမှာ CDF တွေနေတဲ့နေရာလို့ သံသယရှိပုံရတယ်။ နေအိမ် နှစ်လုံးကို မီးရှို့ဖျက်ဆီးလိုက်တယ်။ အဲဒီနေအိမ်ကတော့ အိမ်ပိုင်ရှင်က စစ်ရှောင်နေတာ။ စစ်ရှောင်နေတဲ့အချိန်မှာ အဲဒီနေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးလိုက်တာ။ မင်းတပ်နဲ့ ၁၆ မိုင်အကွာမှာ“
သြဂုတ်လ ၁၅ ရက်နေ့ကတော့ ချင်းပြည်နယ်၊ ကန်ပလက်မြို့၊ ကန့်သာရုံရွာမှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး လည်ပင်းကို ကျည်ဆံထိမှန်ခဲ့သလို အသက် ၃၀ အရွယ် ဖခင်ဖြစ်သူလည်း ဝမ်းဗိုက်နဲ့လက်မှာ ကျည်ထိမှန်ခဲ့ပါတယ်။ သူတို့ဟာ မကွေးမြို့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ကန်ပလက်မြို့ ကြက်ခြေနီအသင်းက ပြောပါတယ်။
"စကစဘက်က မနားတမ်းဘဲ လက်နက်ကြီးတွေနဲ့ မရေမတွက်နိုင်အောင် ဘယ်လိုပြောရမလဲ မိုးရွာသလို ပစ်နေတယ်"
မင်းတပ်မှာ တိုက်ပွဲတွေ ပြင်းထန်နေသလို ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ဘက်မှာလည်း တိုက်ပွဲ တွေပြန်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ် အကြား ပင်ပုံရွာနဲ့ လွယ်ဟဲရွာအနီးမှာလည်း သြဂုတ် ၁၄ ရက်ကစလို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ငါးဦး၊ ပအိုဝ်းပြည်သူ့စစ် PNO ဘက်က ခြောက်ဦး စုစုပေါင်း ၁၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကရင်နီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ KNDF ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။
“သြဂုတ်လ ၁၄ ရက်နေ့ ပင်လောင်းမြို့နယ် ပင်ပုံကျေးရွာမှာ စစ်ကောင်စီက တပ်လာစွဲထားတယ်။ သူတို့တပ်စွဲထားတဲ့ ပင်ပုံကျေးရွာ ဘုန်းကြီးကျောင်းကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပြီး ပစ်ခတ်မှု တွေလုပ်တယ်။ အဲဒီနားမှာရှိတဲ့ KNDF နဲ့ KA တို့ပေါင်းပြီးတော့ စကစကို ဝင်ပစ်တာ။ အဓိက စစ်ကောင် စီကို လမ်းကြောင်းပြပေးတာ PNO က ဦးဆောင်ပြီး လမ်းပြပေးတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ က ဝင်တိုက်ရခြင်းဖြစ်တယ်။ စကစ ဖက်ကတော့ ငါးဦး ကျတယ်။ PNO ကတော့ ခြောက်ဦးမက ကျတာ ပေ့ါလေ။ ကျွန်တော်တို့ဘက်က တစ်ယောက် ဒဏ်ရာရတယ်“
ပင်လောင်းဘက်ကနေလာတဲ့ စစ်ကောင်စီတပ်တွေ ဖယ်ခုံမြို့မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကို စတင် ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲဟာ ဒီးမော့ဆိုနဲ့ မိုးဗြဲ မြို့နယ်က ပြည်သူ့ကာကွယ်ရေး PDF တပ်တွေ၊ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ် KNDF၊ ကရင်နီတပ် မတော် KA စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေကို တိုက်ခိုက်ခဲ့တာလို့လည်း KNDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ အခုချိန်ထိ ပင်ပုံရွာ ဘုန်ကြီးကျောင်း မှာ တပ်စွဲထားပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်နေသလို ဒေသခံရွာသားအချို့ ကို ဖမ်းဆီးနှိပ်စက်ပြီး လမ်းပြအဖြစ် အဓ္ဓမ စေခိုင်းနေတယ်လို့လည်း သူက ဆိုပါတယ်။

သြဂုတ်လ ၁၅ ရက် မနေ့က မနက်ပိုင်းမှာလည်း လွိုင်ကော်ကနေ ဖယ်ခုံမြို့နယ်ကို စစ်အင်အား ထပ်ဖြည့်ဖို့ စစ်ကူလာတဲ့ စစ်ကား ၃၀ ကျော်၊ လူအင်အား ၁၀၀ လောက်ပါတဲ့ ယာဉ်တန်းကို နေ့လယ် ၁၁ နာရီခွဲလောက် မှာ မိုးဗြဲနဲ့ ဖယ်ခုံအကြား ခေါင်းမိုင်းကျေးရွာအနီးမှာ PDF အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့လည်း ဖယ်ခုံ PDF တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ဖယ်ခုံ တိုက်ပွဲမှာတော့ PDF ဘက်က တစ်ဦး ဒဏ်ရာရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဖယ်ခုံ PDF အဖွဲ့က ဆိုပါတယ်။
ချင်းနဲ့ ကယားပြည်နယ်ဘက်က တိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ် သိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
စစ်ကောင်စီတပ်တွေဟာ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းမှာ စစ်အင်အား တိုးချဲ့ပြီး ထိုးစစ်ဆင်လာတာကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တိုက်ခိုက် သွားမယ်လို့ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောကြပါတယ်။