ဆွမ်ပရာဘွမ်မှာ စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲဖြစ်

RFA Burmese
2023.01.07
ဆွမ်ပရာဘွမ်မှာ စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲဖြစ် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။
Photo: RFA

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ် မဆွမ်ဇွပ်တောင်အနီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား ဇန်နဝါရီလ ၆ ရက် မနေ့နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပူတာအိုအခြေစိုက် စစ်ကောင်စီတပ် ခလရ- ၄၆နဲ့ ခမရ-၃၈၅ တို့ ဆွမ်ပရာဘွမ်မြို့ကို ဆင်းလာချိန် မြစ်ကြီးနား-ပူတာအို ပြည်ထောင်စုလမ်းမပေါ်က မဆွမ်ဇွပ်တောင်အနီးမှာ မိုင်း ၁၃ လုံး ဖောက်ခွဲခံရပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား ခုနစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မဆွမ်ဇွပ်တောင် အကျော်လေးမှာ မိုင်းဆွဲခံရတာ။ မိုင်းကွဲတာက ၁၃ လုံးတိတိပဲ၊ လောလောဆယ်တော့ သေတာ ခုနစ်ဦးထိရှိပြီ၊ သေတဲ့လူတွေနဲ့ ဒဏ်ရာရတဲ့ လူတွေကို မနေ့ညကပဲ လူနာတင်ကားနဲ့ မြစ်ကြီးနားကို ပြန်ဆင်းသွားတယ်။ စစ်ကြောင်းက အဲဒီတောင်အနားမှာပဲ ရှိနေသေးတယ်၊ အခုအချိန်အထိ ဆွမ်ပရာဘွမ်မြို့ကို မကျော်သေးဘူး"

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင် သေးပါဘူး။

ဒီတိုက်ခိုက်မှုကို KIA တပ်မဟာ (၁)၊ အမှတ် ၁၀ တပ်ရင်းက လုပ်ဆောင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဒီကနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ KIA တို့အကြား တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်ပွားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။