နောင်ချိုမြို့နယ်၊ သရက်ကုန်းရွာအနီး တိုက်ပွဲပြင်းထန်နေ
2024.05.10

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မန္တလေး PDF တပ်ဖွဲ့တွေ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ နောင်ချို ဒေသခံတွေက RFA ကို ပြောပါတယ်။
မေလ ၁၀ ရက် ဒီနေ့ဒီမနက်ပိုင်းအထိ သရက်ကုန်းကျေးရွာအနီး လက်နက်ကြီး ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတယ်လို့ နောင်ချိုဒေသခံ တစ်ဦးက ပြောပါတယ်။
“သုံးရက်ရှိပြီ ညနေတိုင်း လေယာဉ်နဲ့ လာပစ်နေတာ။ ညနေတိုင်းပဲ။ ဒီမနက်လည်း အကြီးအကျယ်ပဲ ပစ်နေတာ။ ရွာသားတွေကတော့ ဘယ်သူမှ မရှိတော့ဘူး။ အဲနားက ဇာလီ၊ ပါဟပ်ရွာတွေလည်း လူမရှိတော့ဘူး”
တိုက်ပွဲကြောင့် အဲဒီကျေးရွာက ဒေသခံ သုံးထောင်ကျော်ဟာ နောင်ချို၊ ပြင်ဦးလွင်မြို့ပေါ်နဲ့ ဘန့်ဘွေး၊ သုံးဆယ်၊ ဆမ္မဆယ်စတဲ့ ကျေးရွာတွေကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေး PDF ပြောခွင့်ရ ကိုအော်စမွန်လည်း သရက်ကုန်းရွာအနီးမှာ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ မေလ ၈ ရက် နေ့လယ်ပိုင်းတိုက်ပွဲမှာ အဆိပ်ငွေ့ဗုံးတွေ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်လူမှုကွန်ရက်တွေမှာတော့ သရက်ကုန်းရွာကို စစ်ကောင်စီတပ်က ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က နောင်ချိုမြို့နယ် သရက်ကုန်းရွာ စစ်ကောင်စီ တပ်စခန်းကို မန္တလေး PDF တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီဘက်က အဲဒီတပ်စခန်းကို ပြန်ရဖို့ လေကြောင်းနဲ့ မြေပြင်ကနေပါ ပြန်လည်ထိုးစစ်ဆင်နေတာပါ။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ်လေးဆယ်ကျော်အထိ ပြုလုပ်ခဲ့တယ်လို့ မန္တလေး PDF ရဲ့ မေလ ၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။