စစ်ကိုင်းတိုင်း မြို့နယ်သုံးခုက စစ်ကောင်စီတပ်စခန်းတွေ PDF တိုက်ခိုက်
2024.09.20

စစ်ကိုင်းတိုင်း ဘုတလင်၊ ဒီပဲယင်းနဲ့ ခင်ဦးမြို့နယ်တွေထဲက စစ်ကောင်စီတပ် ကင်းစခန်းနဲ့ ပျူစောထီးရွာတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက RFA ကို ပြောပါတယ်။
စက်တင်ဘာလ ၂၀ ရက် ဒီနေ့မနက်ပိုင်းမှာ ဘုတလင်မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ ကူတော်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။
"ဘုတလင်မြို့နယ်က ကူတော်စခန်းကို ဝင်သိမ်းနေတာ အခုပဲ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးခုနှစ်လုံးကြဲသွားတယ်။ ဘုတလင်မြို့က အင်အားတစ်ရာခန့်က တပ်ကူလာနေတယ်”
အဲဒီမြို့နယ်တစ်ခုလုံးမှာ ဘုတလင်မြို့ပေါ်က တပ်စခန်းပြီးရင် ကူတော်စခန်းဟာ အဓိက စခန်းတစ်ခုနေဖြစ်တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းရော၊ မြေပြင်မှာပါ စစ်ကြောင်းထိုးလာတယ်လို့ သူကပြောပါတယ်။
အလားတူ ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီတပ် အထိုင်စခန်းတွေကိုလည်း ဝင်ရောက်တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဗိုလ်ကျားကြီးက RFA ကို ပြောပါတယ်။
"ဒီပဲယင်းက စစ်ကောင်စီရဲ့ ကင်းစခန်းတွေ အလစ်အငိုက်ဝင်တိုက်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ရှိနေတယ်။ အဲဒီမှာ စစ်တပ်က အင်အားတစ်ရာလောက်နဲ့ ဒီပဲယင်းကို ပြန်ထိုင်ထားတာ။ သူတို့ရဲ့ အထိုင်ရှေ့ကင်းစခန်းတွေကို ဝင်ပြီးပစ်ခတ်တာမျိုးတွေ ရှိတယ်”
ခင်ဦးမြို့နယ်က မဒေါင်းလှရွာကိုလည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက စီနင်းတိုက်ခိုက်မှုကြောင့် စက်တင်ဘာလ ၁၇ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်တွေ ဆုတ်ခွာသွားပြီးလို့ ဒေသခံတွေက ပြောပါတယ်။
သြဂုတ်လ ၁၈ ရက်ကစခဲ့တဲ့ မဒေါင်းလှရွာ တိုက်ပွဲအတွင်း ပျူစောထီး နှစ်ဆယ်ခန့် သေဆုံးသွားသလို ကာကွယ်ရေးအဖွဲ့ဘက်ကလည်း သုံးဦး သေဆုံးပြီး စက်တင်ဘာ ၁၁ ရက်နေ့မှာ မဒေါင်းကြီးရွာက ဒေသခံ သုံးဦးကို စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး၊ လေယာဥ်နဲ့ ဗုံးကြဲမှုကြောင့် ဒေသခံ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရပြီး ရွာပေါင်း ၁၃ ရွာက နေအိမ် ငါးရာခန့် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။