အင်းတော်မြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေ
2024.12.13

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဒီဇင်ဘာလ ၁၁ ရက်နေ့ကစပြီး ထပ်မံထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အင်းတော်မြို့ ဂျပန်လှိုဏ်ဂူနေရာနဲ့ မြို့မဘုန်းကြီးကျောင်းတို့မှာ ခံစစ်ပြင်ထားတဲ့ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်နေတာဖြစ်ပြီး ဒီဇင်ဘာလ ၁၃ ရက် ဒီနေ့အထိ တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြုပြီး တန်ပြန်တိုက်ခိုက်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မြို့ထဲက စစ်ကောင်စီ နေရာယူထားတဲ့ ဂျပန်လှိုဏ်ဂူနဲ့ မြို့မ ဘုန်းကြီးကျောင်းကို တိုက်နေတာ။ အခိုင်အမာကို ခံစစ်ပြင်ထားတာ ပြီးခဲ့တဲ့ ရက်တွေမှာလည်း လက်နက်ခဲယမ်းတွေ လေကြောင်းနဲ့ အတော်လာချပေးထားတော့ အခိုင်မာဖြစ်နေတယ်လို့ ပြောလို့ရတယ်။ တစ်နေ့ကလည်း ဂျက်တိုက်လေယာဉ် မြို့ထဲကို ဗုံးနှစ်ခေါက်လောက် လာကြဲသွားတယ်”
မြို့မ ဘုန်းကြီးကျောင်းအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတချို့လည်းရှိနေပြီး အရေအတွက်ကိုတော့ မသိရဘူးလို့ သူက ပြောပါတယ်။
အင်းတော်မြို့ ဂျပန်လှိုဏ်ဂူ၊ မြို့မဘုန်းကြီးကျောင်း အပါအဝင် ဗျူဟာကုန်းတပ်စခန်းနေရာတွေမှာ စစ်ကောင်စီတပ်သားတွေ ကျန်နေသေးပြီး ကာကွယ်ရေးပူးပေါင်းအဖွဲ့ကတွေလည်း အဲဒီနေရာတွေကို မကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
ဒီအခြေနေတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့ကစပြီး အင်းတော်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့တာပါ။
အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း အင်းတော် နဘားလမ်းဆုံက စစ်ကောင်စီ အထိုင်စခန်း၊ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံးတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားပါတယ်။
မြို့ပေါ်က ဒေသခံ နှစ်သောင်းကျော်ဟာ တိုက်ပွဲတွေ စဖြစ်ချိန်ကတည်းက ထွက်ပြေးတိမ်းရှောင်နေရပြီး ဒီနေ့အထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။