မတ္တရာမှာ နှစ်ရက်ဆက် တိုက်ပွဲ ပြင်းထန်နေ

RFA Burmese
2024.11.18
မတ္တရာမှာ နှစ်ရက်ဆက် တိုက်ပွဲ ပြင်းထန်နေ မန္တလေးတိုင်း မတ္တရာမြို့တစ်နေရာကို တွေ့ရစဉ်။
Citizen Photo

မန္တလေးတိုင်း မတ္တရာမြို့နယ် အနောက်ခြမ်းကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ နိုဝင်ဘာလ ၁၇ ရက်နေ့ကစလို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုတွေ အဆက်မပြတ်လုပ်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

နိုဝင်ဘာလ ၁၈ ရက် ဒီနေ့မှာလည်း တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီတပ်က လက်နက်ကြီး အကြိမ် နှစ်ဆယ်ထက်မနည်း ပစ်ခတ်မှုတွေ ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မတ္တရာဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“မတ္တရာမြို့ပေါ် ဘောလုံးကွင်းကရယ်၊ မတ္တရာနဲ့ မန္တလေးကြားက ထီးတော်မိုး အထိုင်စခန်းကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်နေတယ်။ ဒီမနက်တင်ကို အလုံးရေ နှစ်ဆယ်ကျော်ပြီ။ မနေ့ကလည်း တစ်နေကုန်နီးပါးပဲ။ လက်နက်ကြီးနဲ့ လှမ်းလှမ်းထောက်လိုက် မြေပြင်ကနေ စစ်သားတွေ တက်လာလိုက် လုပ်နေတာ။ မနေ့တုန်းကထိ လက်နက်ကြီးက မြွေဟင်္သာရဲ့ တောင်ဘက်မှာ ကျတာ။ ဒီနေ့ကျတော့ မြွေဟင်္သာရဲ့ မြောက်ဘက်က ရွာတွေအထိ လက်နက်ကြီး ကျတယ်ပြောတယ်”

လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး အသေးစိတ်အခြေအနေကို မသိရဘူးလို့ သူက ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ပြောခွင့်ရသူ ကိုအော်စမွန်ကတော့ မတ္တရာ အနောက်ခြမ်းမှာ မနေ့ကစလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ RFA ကို ပြောပါတယ်။

"မတ္တရာ အနောက်ဘက်ခြမ်းမှာ ကျွန်နော်တို့ တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား မနေ့ကတည်းက တိုက်ပွဲ ပြင်းထန်နေတာရှိပါတယ်။ အသေးစိတ်အခြေအနေတွေကိုတော့ ကျွန်တော်တို့ ထုတ်ပြန်ဖို့ မရှိသေးပါဘူးဗျ"

မနေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်က အထိအခိုက်၊ အကျအဆုံးများတာကြောင့် ဒီနေ့အထိ လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်နေတာလို့ Wetlet Informational Network အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ရဲ့ မြေပြင်စစ်ကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မတ္တရာ အနောက်ခြမ်းက ဒေသခံ နှစ်သောင်းထက်မနည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့ကလည်း မတ္တရာမြို့နယ်၊ ဟင်္သာကုန်းရွာကို မတ္တရာမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့်ဒေသခံ နှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

မတ္တရာမြို့နယ်အတွင်းက MDY-PDF သိမ်းယူထားတဲ့ တပ်စခန်းတွေကို ပြန်လည်ရရှိဖို့ စစ်ကောင်စီက ကြိုးစားနေတာကြောင့် တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပြီး တပ်စခန်းတွေကို အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ MDY-PDF က ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။