ပုလဲနဲ့ ဆားလင်းကြီးနယ်စပ်နေရာမှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တို့ တိုက်ပွဲဖြစ်ပွား

2021.10.09
ပုလဲနဲ့ ဆားလင်းကြီးနယ်စပ်နေရာမှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တို့ တိုက်ပွဲဖြစ်ပွား စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တစ်ချို့ကို တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း ပုလဲနဲ့ ဆားလင်းကြီးမြို့နယ်အစပ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပုလဲ PDF နဲ့ မြိုင် PDF ပူးပေါင်းအဖွဲ့တို့ အောက်တိုဘာ ၈ ရက် မနေ့က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ငါးယောက်ထက် မနည်း သေဆုံးခဲ့တယ်လို့ ပုလဲ PDF အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပုလဲနဲ့ ဆားလင်းကြီးနယ်စပ်နေရာမှာ လာရောက်တပ်စွဲစခန်းချဖို့ လုပ်လာတဲ့အတွက် ပုလဲနဲ့ မြိုင်က PDF တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီးတိုက်ခိုက်ကြတာလို့ ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးက RFA ကို ပြောပါတယ်။

“အဲဒီနေရာကို စစ်ကောင်စီတပ်တွေ လာစခန်းချဖို့လုပ်လာလို့ ကျွန်တော်တို့ ပုလဲ PDF နဲ့ မြိုင် PDF တို့ ပေါင်းတိုက်လိုက်ကြတာပါ၊ ကျွန်တော်တို့ ခရိုင်တစ်ဝိုက်ထဲကို စစ်ကောင်စီက နှိမ်နင်းဖို့ အင်အားတွေ တိုးချလာတယ်’’

အဲဒီတိုက်ပွဲအခြေအနေကို RFA အနေနဲ့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။

အောက်တိုဘာ ၄ ရက် မနက်ပိုင်းက ကားအစီး ၈၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းကို ပုလဲမြို့နယ်ထဲမှာ ပုလဲ PDF တပ်ဖွဲ့က မိုင်း ၂၇ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ကားငါးစီးထက် မနည်းပျက်စီး သွားပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ပုလဲ PDF က ဆိုပါတယ်။ အောက်တိုဘာလ ၃ ရက်မနေ့ ကလည်း ပုလဲမြို့ ဝန်ပြင်ရွာအနီး စစ်ကောင်စီယာဉ်တန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံး ခဲ့တယ်လို့ ပုလဲ PDF က ထုတ်ပြန်ထား ပါတယ်။

လက်ရှိမှာတော့ နဂါးမတောင်အနားမှာရှိတဲ့ ရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ လည်း ဒေသခံအချို့က RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။