ဂန့်ဂေါက ငါးရက်ကြာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံး
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်ပေါင်းစုတို့ ဖေဖော်ဝါရီ ၂၀ ရက်ကစပြီး ငါးရက်ကြာ တိုက်ပွဲဖြစ်နေရာ စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးခဲ့တယ်လို့ PDF Saw က အဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက် မနေ့က ထုတ်ပြန် ထားပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်က စစ်ကား ၁၆ စီးပေါ်မှာ အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီ တပ်ဟာ ဂန့်ဂေါ ခရိုင်ကနေ ချင်းပြည်နယ်ကို ထွက်လာရာလမ်းတစ်လျှောက် လောင်းရှည် ရွာမှာ စတင်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
ဆောမြို့နယ်၊ ဆွဲလွဲကျင်းရွာအနီး ဖေဖော်ဝါရီ ၂၀ ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ ဘက်က ခြောက်ယောက် သေဆုံးခဲ့သလို ဖေဖော်ဝါရီ ၂၁ ရက်မှာ လေးယောက်၊ ဖေဖော်ဝါရီ ၂၂ ရက်က ရေရှောင်မြက် ခင်းပြင်အနီး တိုက်ပွဲမှာ ၁၁ ယောက် သေဆုံးခဲ့ တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက် မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ လူနာတချို့ကို သယ်ထုတ်သွားတယ်လို့လည်း ဆိုထားပါတယ်။
အဲဒီတိုက်ပွဲတွေမှာ PDF Saw၊ CDF Kampalet နဲ့ CNA ပူးပေါင်းတပ်ဖွဲ့တွေ ပါဝင်တိုက် ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်၊ ဒဏ်ရာရရှိသူမရှိဘူးလို့ ဖော်ပြထားပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက် က တုံ့ပြန်ချက်ရဖို့အတွက် စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်ကလည်း ဆောမြို့ကနေ လောင်းရှည်ရွာကို ချီတက်လာတဲ့ စစ်ကြောင်းကို PDF Saw က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က သုံးယောက် သေဆုံးခဲ့ပါတယ်။