ကနီမြို့နယ်ထဲ တိုက်ပွဲဖြစ်၊ ရွာပေါင်း ခုနှစ်ရွာက တစ်ထောင်ကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဖေဖော်ဝါရီ ၁၈ ရက် မနေ့ညက ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီကနေ့မနက်အထိ တိုက်ပွဲ တွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘုတလင်မြို့နယ်ထဲက မြသိန်းတန်ဘုရားကုန်းကနေ လက် နက်ကြီးတွေနဲ့ လှမ်းပစ်နေကြပြီး မြေပြင်မှာလည်း နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်နေ တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ယောက်က RFA ကို ပြောပါတယ်။
“ကာကွယ်ရေးတပ်သားဘက်က နှစ်ယောက် သေတယ်။ ဒဏ်ရာရတဲ့သူ သုံးယောက် ရှိတယ်။ လတ်တလောမှာတော့ ရွာတွေက ဒေသခံတွေလည်း ထွက်ပြေးနေကြတယ်၊ စစ်ရေးအခြေနေက တင်းမာနေတယ်၊ ဒီနေ့မနက်မှာလည်း ဝက်ချောင်းလေးရွာနားမှာ ပစ်ခတ်နေတာတွေရှိတယ်“
စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ချိုင်ရွာက နေအိမ်တစ်လုံးလည်း မီးလောင်သွားတယ်လို့ ဆိုပါတယ်။
ကနီမြို့နယ်ထဲ တိုက်ပွဲတွေကြောင့် ဝက်ချောင်းလေး၊ ဝက်ချောင်းကြီး၊ အေးသာယာ၊ နတ်ကြီး၊ ဂွေးပင်၊ ရွာသာ၊ ချိုင်ရွာ စတဲ့ရွာတွေက ဒေသခံ တစ်ထောင်နီးပါးဟာ နီးစပ်ရာတောတွေနဲ့ စစ်မဖြစ်တဲ့ ရွာတွေဆီကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကနီမြို့နယ်ထဲက အဲဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
ကနီမြို့နယ်ဟာ စစ်ကောင်စီကိုတော်လှန်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေ အားကောင်းတဲ့ဒေသ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း ရွာတွေထဲ မကြာမကြာ ဝင်ရောက်စီးနင်းခံရတဲ့ ဒေသဖြစ်သလို အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာ ခြောက်လခန့်ရှိနေပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်ကလည်း ကနီမြို့နယ်၊ ဝင်းမနားရဲစခန်းကို ဒေသတွင်း PDF ပူးပေါင်းအဖွဲ့တွေ ဝင်တိုက်ရာ စစ်ကောင်စီဘက်က ၂၅ ယောက် သေဆုံးပြီး PDF ဘက်က သုံးယောက် သေဆုံးခဲ့တယ်လို့ Area 21 Revolution Network အဖွဲ့က ထုတ်ပြန်ပါတယ်။