ပင်လည်ဘူးမှာ ၁၂ ရက်ကြာ တိုက်ပွဲ ပြင်းထန်ခဲ့၊ နှစ်ဖက် အကျအဆုံးများ

စစ်ကိုင်းတိုင်း ပင်လည်ဘူးဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ် PDF တွေကြား ၁၂ ရက် ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ဗိုလ်မှူးအဆင့်တစ်ဦး အပါ အဝင် ၄၀ ကျော် သေဆုံးခဲ့တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
စစ်တပ်ဘက်က စတင်ထိုးစစ်ဆင်လာပြီး မတ်လ ၂၉ ရက်ကစပြီး ဧပြီ ၉ ရက်အထိ ၁၂ ရက်ကြာ တိုက်ပွဲမှာ စစ်တပ်ဘက်က လေကြောင်းကနေလည်း ပစ်ခတ်ခဲ့တယ်လို့ PDF တပ်ဖွဲ့ရဲ့ ပြောခွင့်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ဘက်က ဗိုလ်မှူး တစ်ယောက်၊ ဒု-ဗိုလ် တစ်ယောက်၊ တပ်ကြပ်ကြီး နှစ်ယောက်နဲ့ အခြားအဆင့် ၄၀ ကျော် ကျတယ်။ တိုက်ပွဲက ၁၂ ရက်ကြာတယ်။ သူတို့ဘက်က အရင် ထိုးလာတာ။ ပင်လည်ဘူးမြို့ထဲအထိ ဝင်တိုက်တာ။ သူတို့ဘက်က လေကြောင်းသုံးပြီး တိုက်ခိုက်လာလို့ ပြန်ဆုတ်ပေးထားတယ်၊ ရဟတ်ယာဉ်နဲ့ ၁၂ ကြိမ်၊ ဂျက်လေယာဉ်နဲ့ နှစ်ကြိမ်လာပစ်တယ်။ လူတွေချတယ်”
မတ်လ ၂၉ ရက်နေ့က ပင်လည်ဘူးမြို့နယ် ကပ္ပန္တာရွာမှာ စတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်က ရဟတ်ယာဉ်နှစ်စင်းနဲ့ နှစ်ကြိမ်လာပစ်ခဲ့ရာ မနက်ပိုင်းမှာ PDF တပ်ရဲ့ စခန်းကုန်း ကျသွားခဲ့ပြီး ညနေပိုင်းမှာတော့ ပြန်သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်နေ့တွေမှာလည်း ပင်လည်ဘူးမြို့နယ် မံစီလေးအထိ စစ်တပ်က စစ်ကြောင်းထိုး လာရာ ဧပြီလ ၈ ရက်က ပင်လည်ဘူးမြို့ထဲ ထွေအုပ်ရုံး၊ စေတီကုန်း၊ ဘဏ်နဲ့ ရိပ်သာကုန်း တွေအထိ သိမ်းယူခဲ့ပြီး ရဲစခန်းကိုပါ ဆက်သိမ်းဖို့ လုပ်နေချိန် စစ်တပ်ဘက်က ဂျက်လေ ယာဉ်၊ စစ်ရဟတ်ယာဉ်နဲ့ပါ လာပစ်ခဲ့လို့ ပြန်ဆုတ်ပေးခဲ့ရတယ်လို့ PDF တွေဘက်က ပြောပါတယ်
ပင်လည်ဘူးမြို့ မြောက်ဘက် ၈ မိုင်ခန့်အကွာမှာ KIA နဲ့ PDF ပူးပေါင်းစခန်းတွေ ဆောက် နေတာသိလို့ နယ်မြေလုံခြုံရေးစိုးမိုးရေး လုပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
“အဲဒီမှာ မြောက်ဘက်နဲ့ အရှေ့ဘက်ကို လုံခြုံရေးတပ်တွေ ရောက်နေတုန်းမှာ ဧပြီလ ၇၊ ၈ ရက်မှာ မြို့ ထဲကို သူတို့တွေ ဝင်လာတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ အင်အားနည်းနေတဲ့ အချိန်ဖြစ်လို့ မြို့ထဲမှာ တချို့နေရာတွေကနေ ဆုတ်ခွာရတာရှိတယ်။ ဧပြီ ၈၊ ၉၊ ၁၀ မှာ တော့ မြို့ကို ပြန်လည်စိုးမိုးမှုရရှိအောင် ဆောင်ရွက်နိုင်ခဲ့တယ်။ အဲဒီအဖွဲ့တွေ မြောက် ဘက်ကို ဆုတ်သွားတယ်။ သူတို့ဆီက လက်နက်၊ ခဲယမ်းတွေ၊ အလောင်းတွေရတယ်။ ကျနော်တို့ဆီကလည်း အရာရှိ စစ်သည်တချို့ ကျဆုံးတာ၊ ဒဏ်ရာရတာရှိတယ်”
စစ်တပ်ဘက်က ထုတ်ပြန်ချက်မှာတော့ KIA/PDF ဘက်က စုစုပေါင်း အလောင်း ရှစ်လောင်း၊ M-22 သေနတ် ငါးလက်၊ AK-47 သေနတ် နှစ်လက်၊ KIA ထုတ် ၄ဝ မမ ဆုံလည် တစ်လက်၊ ၇.၆၂ မမ စနိုက်ပါ တစ်လက်၊ M-22 ကျည်အိမ် ၂၂ ခု၊ M-22 ကျည် ၁၃၄၅ တောင့်၊ ၇.၆၂ မမ စနိုက်ပါကျည် ၁၁၅ တောင့်၊ ၄ဝ မမ ဗုံးသီး ကိုးလုံး၊ KIA ကြိုးဆွဲလက်ပစ်ဗုံး ၁၉ လုံး၊ ၆၀ မမ ဗုံးသီး ၁၇ လုံး၊ လက်ပစ်ဗုံးတစ်လုံးတို့ သိမ်းဆည်း ရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီတိုက်ပွဲတွေထဲမှာ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိတယ်ဆိုပြီး နှစ်ဖက်စလုံးက ပြောကြပါတယ်။
ဒီတိုက်ပွဲတွေကြောင့် ပင်လည်ဘူးမြို့နယ်ထဲက ကပ္ပန္တာ၊ ချောင်းပေါက်၊ မံစီလေး၊ တောင်ကုန်း စတဲ့ ကျေးရွာ ၁၀ ရွာနီးပါးက ဒေသခံဦးရေ ၂၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကပ္ပန္တာရွာမှာ ဓားဒဏ်ရာနဲ့ အမျိုးသမီးအလောင်း တစ်လောင်းတွေ့ပြီး ကျန်တာတွေကို တော့ အသေးစိတ် စိစစ်နေတုန်းပဲလို့ PDF အဖွဲ့တွေဘက်က ပြောပါတယ်။
ပင်လည်ဘူးမြို့ဟာ စစ်ကိုင်းတိုင်း ကသာခရိုင်၊ ကောလင်းနယ်အတွင်းမှာ ကချင်ပြည်နယ် နဲ့လည်း နယ်နိမိတ်ထိစပ်နေသလို ကောလင်းမြို့ အနောက်မြောက်ဘက် ၂၅ မိုင်ခန့်အကွာ မူးမြစ်ပေါ်မှာရှိပြီး ဝန်းသိုမြို့နဲ့လည်း ၄၁ မိုင်ရှည်တဲ့ ကားလမ်းနဲ့ ဆက်သွယ်ထားပါတယ်။