ဆောမှာ စစ်တပ် လေကြောင်းသုံးတိုက်ခိုက်၊ လူတစ်ထောင်ကျော် ထွက်ပြေးနေ

2021.11.20
ဆောမှာ စစ်တပ် လေကြောင်းသုံးတိုက်ခိုက်၊ လူတစ်ထောင်ကျော် ထွက်ပြေးနေ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲကြောင့် ထွက်ပြေးရတဲ့ ဆောမြို့နယ် ကျင်းလိန်ရွာသားတွေကို ၂၀၂၁ နိုဝင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်
Photo: CJ

မကွေးတိုင်း ဆောမြို့နယ် တောမနဲ့ ကျင်းလိန်ရွာအနီးမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား နိုဝင်ဘာလ ၁၉ ရက် မနေ့ကပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ရဟတ်ယာဉ်တွေ အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

တောမနဲ့ ကျင်းလိန်ရွာနှစ်ရွာက ရွာလုံးကျွတ်နီး ဒေသခံရွာသားတွေဟာ တောတောင်တွေထဲ ထွက်ပြေးတိမ်း ရှောင်နေရတာဖြစ်လို့ စားနပ်ရိက္ခာ အကူညီတွေလိုအပ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

“စဖြစ်တာက မနေ့ကဖြစ်တာ၊ ၁၉ ရက်နေ့က တော်တော်ပြင်းထန်တယ်။ ကျင်းလိန်ရွာ အိမ်ခြေ ၃၀၀ လောက်ရှိတော့ တစ်ထောင်ကျော်လောက်ရှိမယ်။ ရွာမှာကျန်ခဲ့တာဆိုတော့ ဆန်၊ ဆီ၊ ဆား နဲ့ မီးဖို ချောင်သုံးပစ္စည်းတွေ အဓိက လိုအပ်တာပေါ့၊ အဝတ်အစားတွေကတော့ နည်းနည်းပါမယ် ထင်ပါတယ်။ တော်တော်များမျာက ကျွဲတွေ၊ နွားတွေကို သူတို့ ရှောင်တဲ့နေရာ၊ တောထဲတွေကို ခေါ်သွားတယ်။ ရွာထဲမထားခဲ့ဘူး၊ မလိုက်နိုင်တဲ့ သက်ကြီးသူတွေနဲ့ မကျန်းမာတဲ့သူတွေကိုတော့ ဘုန်းကြီးကျောင်းမှာ ထားခဲ့တယ်“

စစ်ကောင်စီတပ်သားတွေဟာ လက်ရှိတောမရွာထဲမှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။ ကိုယ်လွတ်ရုန်း ထွက်ပြေးလာခဲ့ရတာကြောင့် အခုလက်ရှိ တောမရွာမှာ စခန်းချနေတဲ့ စစ်သားတွေဟာ ဘယ်တပ်ရင်းကလဲ ဆိုတာကိုတော့ မပြောနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

"စစ်မက်ဖြစ်လာရင်တော့ ဒုက္ခသည်ဆိုတာတော့ ရှိမှာပေါ့"

ချင်းပြည်နယ်ကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဆောမြို့နယ် အတွင်းမှာ တိုက်ပွဲဖြစ်နေတာ ငါးရက်လောက်ရှိပါပြီ။ နိုဝင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက် နှစ်ရက်မှာတော့ တိုက်ပွဲ ဖြစ်တာ အပြင်းထန်ဆုံးပဲလို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မနေ့က တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ရဟတ်ယာဉ်သုံး ပစ်ခတ်ခဲ့တာကိုလည်း ဒေသခံတွေ ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေမှာ တွေ့ရပါတယ်။ စစ်ရဟတ်ယာဉ်သုံးခဲ့သလို စစ်သားအင်အားတွေ ထပ်ဖြည့်နိုင်တာကြောင့် ရှေ့လျှောက်တိုက်ပွဲတွေ ဆက်ဖြစ်မယ့် အလားအလာရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“သူတို့ဘက်က အထိနာလာလို့ ရဟတ်ယာဉ်နဲ့ လာပစ်တာပေါ့၊ ဒီဘက်က စစ်ကြောင်းလာတဲ့ စစ်သားတွေ ရဲ့ လမ်းကြောင်းအကုန်ပိတ်လိုက်တာ၊ ထွက်လမ်းပိတ်မိနေတဲ့ အနေအထားမှာ လာကယ်တာပေါ့၊ မနေ့က လူအင်အား စစ်အင်အားပဲ ထပ်ဖြည့်သလား၊ ဒါမှမဟုတ် သူတို့ဘက်က ထိခိုက်တာတွေရှိတော့ အဲဒါတွေ ကိုပဲ လာသယ်သလား၊ အတိအကျတော့ အတည်တော့ မပြုနိုင်သေးဘူး၊ သူတို့ စစ်သုံးရဟတ်ယာဉ်တွေ ကတော့ ပစ်ခတ်ပြီးတော့ပြန်သွားပြီး ပစ်ခတ်မှုဖြစ်တဲ့နေရာကို နောက်ထပ်တစ်ကြိမ် ပြန်သွားတာတော့ ရှိတယ်။ ဒေသခံတွေကတော့ သူတို့လည်း တပ်စွဲထားတာရှိတော့ ရွာထဲကို ပြန်ဝင်ဖို့ အဆင်မပြေသေး တော့ တောတွေထဲတို့၊ အဆင်ပြေတဲ့နေရာတွေကို ရှောင်နေရတာပေါ့“

အခုတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဆော PDF၊ ယော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YDF ၊ မင်းတပ်နဲ့ ကန်ပက်လက် CDF ထီးလင်း PDF စတဲ့ အဖွဲ့တွေ ပေါင်းပြီးတိုက်ခိုက်ခဲ့ကြတာလို့ PDF အဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကောင်စီက စစ်ရဟတ်ယာဉ်တင်မကဘဲ မြေပြင်မှာလည်း မိုင်းရှာခွေးတွေပါ အသုံးပြုခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

“မနေ့က ကျွန်တော်တို့ ဆော PDF ကလည်း တစ်ယောက်သေတယ်။ ကျည်ကထွက်ပြီးကွဲသွားလို့ အသက် ဆုံးရှုံးရတာ၊ ကျန်တာကတော့ အားလုံးအောင်အောင်မြင်မြင်ပဲ ဆုတ်ခွာနိုင်ခဲ့တယ်။ သူတို့ဘက်က ထိခိုက် မှုများတယ်။ စစ်မက်ဖြစ်လာရင်တော့ ဒုက္ခသည်ဆိုတာတော့ ရှိမှာပေါ့၊ ရွာနားနီးချင်းတွေက ဒီတိုင်းတော့ ကြည့်မနေကြပါဘူး၊ လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆားတို့ ပေးတာတွေ တွေ့ရတယ်”

တောမရွာမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက ထိခိုက်သေဆုံး ဒဏ်ရာရသူတွေကို ရဟတ် ယာဉ်နဲ့ ပြန်သယ်သွားတာ တွေ့ရတယ်လို့လည်း ဆော PDF အဖွဲ့ဝင်က ပြောပါတယ်။

saw.jpg
(၂၀၂၁ နိုဝင်ဘာ ၁၉ ရက်နေ့က လူမှုကွန်ယက်မှာပျံ့နှံ့နေတဲ့ ဆောမြို့နယ်မှာ စစ်ကောင်စီတပ် အသုံးပြုတိုက်ခိုက်တဲ့ စစ်လေယာဉ်ကို တွေ့ရစဉ် - Photo: CJ)

ဆောမြို့နယ်ထဲမှာ စစ်ကောင်စီက စစ်ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်နေတာနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် လတ်တလော အကြောင်းပြန် ခြင်း မရှိသေးပါဘူး။ ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်တပ်က ဘာမှသတင်းထုတ်ပြန်တာလည်း မရှိသေး ပါဘူး။

မနေ့က တိုက်ပွဲမှာ စစ်တပ်က စစ်ရဟတ်ယာဉ် နှစ်စီး အသုံးပြုပစ်ခတ်ခဲ့တာဟာ မကွေးတိုင်းအတွင်းမှာ ပထမဆုံးအကြိမ် စစ်ရဟတ်ယာဉ်သုံး တိုက်ခိုက်မှုဖြစ်တယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့ကစပြီး ဆောမြို့နယ်အတွင်းက တိုက်ပွဲတွေမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ဘက်က ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး စစ်ကောင်စီဘက် ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ PDF တပ်ဖွဲ့တွေက ထုတ်ပြန်ထားပေမယ့် ဒါနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲက စစ်ကိုင်းတိုင်း ကျွန်းလှ၊ ကောလင်းနဲ့ ပင်လည်ဘူးမြို့တွေမှာဖြစ်တဲ့ တိုက်ပွဲတွေ မှာလည်း စစ်ကောင်စီဘက်က စစ်ရဟတ်ယာဉ် အသုံးပြုတိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။