ဒီပဲယင်းမှာ ရဟတ်ယာဉ်သုံးပြီး ပစ်ခတ်လို့ ရွာသားနှစ်ဆယ်ခန့် သေဆုံး

2021.11.28
ဒီပဲယင်းမှာ ရဟတ်ယာဉ်သုံးပြီး ပစ်ခတ်လို့ ရွာသားနှစ်ဆယ်ခန့် သေဆုံး ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာအုပ်စုက စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၁ ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဥ်
Photo: CJ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ နိုဝင်ဘာ ၂၇ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ PDF တို့ရဲ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီမှာ စစ်ကောင်စီတပ်တွေက လေကြောင်းကနေ စစ်ရဟတ်ယာဉ် တွေ အသုံးပြုပြီး တိုက်ခိုက်လို့ ရွာသား ၂၀ လောက် သေဆုံးတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ဒီပဲယင်းမြို့နယ်နဲ့ ရေဦးမြို့နယ်တွေကနေ စစ်ကြောင်းနှစ်ခုစီနဲ့ စစ်ကြောင်း လေးခု ထိုးပြီးတိုက်ခိုက်တဲ့အခါ၊ ရေဦးမြို့ကလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ PDF တပ်ဖွဲ့တို့ ဒီပဲယင်း မြို့နယ်ထဲက ညောင်လှရွာအနီးမှာ တိုက်ပွဲဖြစ်တာပါ။

"ဒီပဲယင်းမှာ ပြည်သူတွေ တော်တော်များမျာက ပြေးနေရတာပါ“

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေ ရှေ့ဆက်တိုးမရဘဲ ပိတ်မိသွားတဲ့အတွက် စစ်ရဟတ်ယာဉ် ငါးစီး ရောက်လာပြီး တစ်စီးက ကောင်းကင်ပေါ်ကနေ ညောင်လှရွာပတ်လည်ကို ဆယ်မိနစ်လောက် ကြာအောင် ပစ်ခတ်ခဲ့တာလို့ ရွာသားတစ်ယောက်က ပြောပါတယ်။

“မနေ့က လေကြောင်းနဲ့ ရဟတ်ယာဉ် ငါးစီးလာတယ်။ လေးစီး အောက်ချတယ်။ တစ်စီးက ရွာပတ်ပတ် လည် လိုက်ပစ်တော့ ၂၀ လောက် သေဆုံးတယ်လို့ ခန့်မှန်းထားတယ်။ အတွင်းထဲမှာ အလောင်းတွေ ကောက်လို့မရသေးဘူး။ ပြည်သူတွေက ပြေးချိန်မရလိုက်ဘူးဖြစ်တာ။ တခြားရွာတွေက အကုန်ပြေးချိန် ရတယ်။ ရွာထဲမှာပိတ်မိနေသူတွေမှာ တချို့လွတ်တဲ့သူလွတ်တယ်။ တချို့လည်း မလွတ်ဘူး။ အော်တို တက်ထားတဲ့ သေနတ်နဲ့ပစ်တာဆိုတော့ အချက်ရေကတော့ မမှန်းနိုင်ဘူး”

PDF တပ်သားတွေ မထိခိုက်ခဲ့ပေမယ့် ရွာသားတွေက ရုတ်တရက်ထွက်ပြေးချိန် မရလိုက်ဘဲ ထိခိုက်သေဆုံး ခဲ့ရတာလို့ ပြောကြပါတယ်။ ခုချိန်ထိ ထိခိုက်သေဆုံးသူ စာရင်းအတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဲဒီညောင်လှရွာမှာ တပ်စွဲထားပါတယ်။ ဒီနေ့လည်း ရွာထဲကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပဲယင်းမြို့နယ်မှာ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းဆိုပြီးရှိပါတယ်။ အရှေ့ခြမ်းမှာ စစ်ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်ခံနေရတဲ့အချိန်မှာ၊ အနောက်ခြမ်းမှာလည်း မြေပြင်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီမှာတော့ PDF တပ်ဖွဲ့က အသက်နှစ်ဆယ်အရွယ် တက္ကသိုလ် ဒုတိယနှစ်ကျောင်းသား တစ်ယောက် သေဆုံးခဲ့တယ်လို့ PDF တပ်ဖွဲ့က ပြောပါတယ်။

ဒီပဲယင်းမြို့နယ်ကို လေးဘက်လေးတန်ကနေ ညှပ်ပိတ်တိုက်ခိုက်နေပြီး စစ်ရေးတင်းမာနေဆဲပဲလို့ ဒီပဲယင်းမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

“အနောက်ခြမ်းက အကျအဆုံးရှိတယ်။ မနေ့ညကပဲ တခါတည်းသင်္ဂြိုဟ်လိုက်တယ်။ ကာကွယ်ရေး တပ်ဖွဲ့ကလည်း တက်နိုင်သလောက် ပြောက်ကျားစနစ်နဲ့လုပ်တယ်။ လေးဘက်လေးတန် စစ်ကြောင်း တွေအများကြီးနဲ့ ရင်ဆိုင်နေရတယ်။ ညှပ်ခံထားရတာ။ ဒီပဲယင်းက လောလောဆယ်တော့ ခင်ဦးတို့ တန့်ဆည်တို့နဲ့စာရင် ပြည်သူလူထုတွေ အများကြီးဒုက္ခရောက်တယ်။ ပြောရမယ်ဆိုရင် ဒီကတောင်သူ သီးသန့်လုပ်တာကို၊ သိမ်းတဲ့အချိန်လည်းဖြစ်နေတော့ တော်တော်ကို ဒုက္ခရောက်တယ်။ အထိခိုက် ကျဆုံးလည်း တော်တော်များနေတယ်“

မနေ့က ဖြစ်တဲ့ ဒီပဲယင်းမြို့နယ်ထဲက တိုက်ပွဲကြောင့် အနီးပတ်ဝန်းကျင်တွေက ညောင်လှ၊ ဝဲကြီး၊ လက်ယက်ကုန်း၊ နများ၊ ယဉ်ကျေး၊ အင်ပင် စတဲ့ ရွာပေါင်းဆယ်ရွာထက်မနည်းက ဒေသခံတွေလည်း စစ်ဘေးရှောင်နေကြရပြီး စစ်ဘေးရှောင် စုစုပေါင်း ၂၀၀၀ လောက်ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ယောက်က ပြောပါတယ်။

“စစ်ဘေးရှောင်တွေရှိတယ်။ အများကြီးပဲ၊ အနီးစပ်ဆုံး ရွာတွေမှာနေကြတာ။ အခု အဝတ်စားတွေ၊ စောင် တွေ သွားပို့ဖို့လုပ်နေတယ်။ ညောင်လှရွာနားက ရွာငါးရွာလုံး ပြေးရတယ်။ စစ်ဘေးရှောင်စခန်း ဆိုပြီး လည်း လုပ်လို့မရဘူးလေ။ လိုင်းပေါ်မှာ လူသိများသွားတဲ့အချိန်လောက်ပဲ ပြေးရတယ်ဆိုတာ ပြည်သူတွေ ကသိတာ။ အမှန်တာ့ အဲဒီရက်မတိုင်ခင်ကတည်းက စစ်ဘေးရှောင်နေကြရတာ။ နောင်ကြီးအိုင်ရွာဘက်ဆို သွားလို့မရတော့ဘူး၊ အမှန်တော့ ဒီပဲယင်းမှာ ပြည်သူတွေ တော်တော်များမျာက ပြေးနေရတာပါ“

kani-refugees.jpg
(စစ်ကိုင်းတိုင်း ကနီမြို့နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၁ နိုဝင်ဘာ ၂၈ ရက်နေ့က တွေ့ရစဉ် - Photo: CJ)

ဒီပဲယင်းတိုက်ပွဲတွေနဲ့ ပတ်သက်လု့ိ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဘက်က အခုလို စစ်ရဟတ်ယာဉ် အသုံးပြုတိုက်ခိုက်တာ သုံးကြိမ်မြောက် ဖြစ်ပါတယ်။ စက်တင်ဘာလမှာ တစ်ကြိမ်၊ နိုဝင်ဘာလဆန်းပိုင်းမှာ ဒုတိယတစ်ကြိမ်၊ အခု နိုဝင်ဘာလကုန်မှာ တတိယအကြိမ်မြောက် လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် နိုဝင်ဘာ ၂၆ ရက်ကစပြီး၊ ရွာပေါင်း ၂၀ လောက်က ဒေသခံ တစ်သောင်းလောက် ဒီကနေ့အထိ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။