သီပေါမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

RFA Burmese
2024.10.07
သီပေါမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ သီပေါမြို့နေရာအချို့အား စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခံရသည်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့က တွေ့ရစဉ်။
Sharhtetpaing Photo

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့က နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ ခလရ -၂၃ တပ်စခန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) တို့ အောက်တိုဘာလ ၇ ရက် ဒီနေ့ နေ့လယ်ပိုင်းအထိ တိုက်ပွဲပြင်းထန် ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးနေတယ်လို့ သီပေါ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သီပေါတိုက်ပွဲကတော့ ပြင်းပြင်းထန်ထန်ကို ဖြစ်နေတယ်။ အဲဒီ စခန်းနားမှာပဲ။ လေယာဉ်တွေလည် ခဏခဏ လာပစ်နေတယ်”

သီပေါမြို့က စစ်ကောင်စီခလရ- ၅၀၃၊ ခလရ- ၅၀၄ တပ်စခန်းတွေကို TNLA က သိမ်းပိုက်ထားပြီး မြို့ပေါ်ရပ်ကွက် အားလုံးကို ထိန်းချုပ်ထားတာ နှစ်လနီးပါးရှိလာပြီ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ကလည်း လက်ကျန်တပ်စခန်းကို လက်မလွှတ်ရရေးအတွက် ပြင်းပြင်းထန်ထန်ခုခံနေပြီး မြို့ပေါ်ရပ်ကွက် နေရာအများအပြား လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရတာကြောင့် အရပ်သားထိခိုက် သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

TNLA ရဲ့ စက်တင်ဘာလ ၆ ရက် မနေ့က ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီရဲ့ ခလရ-၂၃ တပ်စခန်းအနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို Y-12 လေယာဉ်နဲ့ ရိက္ခာတွေ ပို့ဆောင်ပေးခဲ့တယ်လို့ ဖော်ပြပါတယ်။

သီပေါမြို့မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ နှစ်လကျော်ခဲ့ပြီဖြစ်ပြီး ဒေသခံတွေဟာ မြို့နဲ့ မိုင်လေးဆယ်ကျော်ဝေးတဲ့ ကျောက်မဲမြို့နယ်အတွင်းက ဖုန်းလိုင်းရတဲ့နေရာတွေကနေ မိသားစုတွေကို သွားရောက်ဆက်သွယ်နေကြရတာပါ။

သီပေါတိုက်ပွဲ သုံးလကျော်အတွင်း လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် အရပ်သား ၃၂ ဦး သေဆုံးပြီး တစ်ရာနီးပါး ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။ တိုက်ပွဲကြောင့် မြို့ခံ တစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။