နမ့်ဆန်မှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး တပ်စခန်းအချို့ကို သိမ်းပိုက်နိုင်ကြောင်း TNLA ပြော
2023.12.11
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန် မြို့နယ်ထဲက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို TNLA တပ်ဖွဲ့က ဒီဇင်ဘာလ ၁၀ ရက်မှာ စတင်တိုက်ခိုက်နေတာကြောင့် ဒီနေ့အထိ မြို့ပေါ်ရဲစခန်းနဲ့ စစ်ကောင်စီ တပ်စခန်းတွေ အနီးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ နမ့်ဆန်ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၁၁ ရက်ဒီနေ့ နေ့လယ်ပိုင်းအထိ နမ့်ဆန်မြို့ ဆေးရုံအရှေ့က စစ်ကောင်စီ တပ်စခန်းအနီးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ နမ့်ဆန်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဆေးရုံရှေ့မှာ တပ်စခန်းကုန်းရှိတယ် အဲမှာဖြစ်နေတာ။ တော်တော် ပြင်းပြင်းထန်ထန်ဖြစ်နေတာ။ စစ်တပ်အတွက် အဲနေရာက အရေးပါတဲ့နေရာပဲ။ မနက်က ရဲစခန်းဘက်တွေမှာလည်းဖြစ်တယ်”
TNLA ပြန်ကြားရေးဌာနကတော့ နမ့်ဆန်မြို့ ပတ္တမြားစေတီအနီးမှာရှိတဲ့ ကောင်းမူဆိုင် စစ်ကောင်စီတပ်စခန်းနဲ့ မြို့ပေါ်ရဲစခန်းကို ဒီနေ့မနက်ငါးနာရီမှာ သိမ်းပိုက်ခဲ့တယ်လို့ ဒီနေ့နေ့လယ်ပိုင်း သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၁၀ ရက် မနေ့ကတော့ နမ့်ဆန်မြို့ “ကဒိုင်းဖူး”တောင်ကုန်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ခဲ့ပြီး (၆၀) မမ လက်နက်ကြီး အပါအဝင် လက်နက်အချို့ သိမ်းဆည်းရမိတယ်လို့ TNLA က ဆိုပါတယ်။
လားရှိုးမြို့နယ်ထဲက အီနိုင်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကိုလည်း TNLA တပ်ဖွဲ့တွေ ဒီမနက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လားရှိုးနဲ့ နမ္မတူကို ဆက်သွယ်ထားတဲ့ အီနိုင်းတံတားကိုပါ သိမ်းပိုက်ထားတယ်လို့ အီးနိုင်းရွာခံ တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် လားရှိုးနဲ့ မိုင်းရယ်မြို့ကို ဆက်သွယ်ထားတဲ့ နမ့်ပေါင်ရွာတံတားအနီးမှာလည်း ဒီနေ့နေ့လယ်ပိုင်း စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဒါပေမဲ့ ရှမ်းမြောက်ဒေသက မြို့နယ်တွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်က ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ MRTV သတင်းဌာနကို ပြောဆိုထားပါတယ်။
ဒီဇင်ဘာ ၁၁ ရက်ဒီနေ့အထိ ရှမ်းမြောက်ဒေသ နမ့်ခမ်း၊ လောက်ကိုင်၊ သိန္နီ၊ ကွတ်ခိုင်နဲ့ သီပေါမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့တို့ စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။