ကုလ အထူးကိုယ်စားလှယ်ရုံးခန်း ဆက်ဖွင့်ခွင့်မပြုတော့ကြောင်း စစ်ကောင်စီ ကြေညာ

2021.12.21
ကုလ အထူးကိုယ်စားလှယ်ရုံးခန်း ဆက်ဖွင့်ခွင့်မပြုတော့ကြောင်း စစ်ကောင်စီ ကြေညာ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Christine Schraner Burgener ကို စစ်တွေလေဆိပ်မှာ ၂၀၁၉ ဇူလိုင် ၁၀ ရက်က တွေ့ရစဉ်
Photo: RFA

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ ရုံးခန်းကို စစ်ကောင်စီက ဆက်မဖွင့်ဖို့ ဆုံးဖြတ်လိုက်တာဟာ စစ်ကောင်စီအနေနဲ့ သံတမန်ဆက်ဆံရေးပိုင်း အားနည်းညံ့ဖျင်းရာ ရောက်တယ်လို့ နိုင်ငံရေးလေ့လာသူတချို့က ဝေဖန်လိုက်ပါတယ်။

၂၀၁၈ ခုနှစ်က နေပြည်တော်မှာ ဖွင့်လှစ်ထားတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်းရှာရနာဘာဂနာရဲ့ ရုံးခန်းကို ဆက်ထားခြင်း မရှိတော့ဘူးလို့ ဒီဇင်ဘာ ၂၁ ရက် ဒီနေ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဒါကိုလည်း ကမ္ဘာ့ကုလသမဂ္ဂဆီကို ဒီဇင်ဘာ ၂၀ ရက် မနေ့က အကြောင်းကြားစာ ပေးပို့ထားပြီးပြီလို့ ဆိုထားပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံတကာမှာ သံတမန်ရေးနဲ့ ပတ်သက်ပြီး အကြီးအကျယ်ရှုံးနိမ့်နေတာကို ဝန်ခံ လိုက်တာဖြစ်ပြီး နိုင်ငံတကာက ဘယ်သူမှမထောက်ခံလည်း ရပ်တည်လို့ရတယ်ဆိုပြီး ခုလိုတုံ့ပြန်တာဟာ မြန်မာနိုင်ငံအတွက် အနုတ်လက္ခဏာပဲလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ဝေဖန်သုံးသပ်ပါတယ်။

မစ္စ ခရစ္စတင်းရှာရနာဘာဂနာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူတဲ့ သုံးနှစ်တာကာလအတွင်း စစ်ကောင်စီဟာ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မစ္စ ခရစ္စတင်းရှာရနာဘာဂနာ ဟာ မြန်မာနိုင်ငံကို လာရောက်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း လာရောက်ခွင့်မရခဲ့သလို စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်မှာတော့ တာဝန်ပြီးဆုံးသွားပြီဖြစ်တဲ့ မစ္စ ခရစ္စတင်းရှာရနာဘာဂနာ နေရာမှာ စင်္ကာပူနိုင်ငံသူ အသက် ၇၃ နှစ်အရွယ် မစ္စ နိုလင်းဟေဇာ ကို ခန့်အပ်တယ်လို့ ကုလသမဂ္ဂဘက်က ထုတ်ပြန် ထားပါတယ်။

စစ်ကောင်စီဟာ မစ္စ ခရစ္စတင်းရှာရနာဘာဂနာ ရဲ့ ရုံးခန်းကိုပဲ ပိတ်သိမ်းတာလား ဒါမှမဟုတ် အသစ်ခန့်အပ် တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အတွက်ပါ ရုံးခန်းဖွင့်လှစ်ခွင့် မပေးတော့တာလား ဆိုတာ သိရဖို့ RFA အနေနဲ့ စစ်ကောင်စီဘက်ကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။