ဂန့်ဂေါမှာ ရွာသားအချို့ကို လူသားဒိုင်းခေါ်ဆောင်ပြီးမှ ပြန်လွှတ်ပေး

မကွေးတိုင်း၊ ဂန့်ဂေါမြို့ကနေ ကလေးဘက်ကို အောက်တိုဘာလ ၇ ရက် ဒီနေ့မနက်ပိုင်း ချီတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ စိုင်ဒူးရွာထဲဝင်ပြီး ရွာသား ၅၀ နီးပါးကို ဟားခါး - ကလေးလမ်းဆုံအထိ ဖမ်းဆီးခေါ်ဆောင်သွားကာ ၁၁ နာရီခန့်မှာမှ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂန့်ဂေါမြို့အထွက် တစ်မိုင်ခန့်အကွာမှာရှိတဲ့ စိုင်ဒူးရွာကို ဝင်ရောက်ရှာဖွေပြီး သက်ကြီးရွယ်အိုတွေ အပါအဝင် ရွာသား ၅၀ နီးပါးကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်ကာ စစ်ကားတွေ ရှေ့ကနေ လမ်းဆင်းလျှောက်ခိုင်းတယ် လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စိုင်ဒူးရွာနဲ့ ဟားခါးလမ်းကွဲကြားမှာ မိုင်းပေါက်ခဲ့ရင် ရွာကိုပြာကျအောင်လုပ်မယ့်အပြင် ဖမ်းသွားတဲ့ လူတွေကိုလည်း သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်၊ ၁၁ နာရီလောက်မှာတော့ အားလုံးပြန်လွှတ်ပေးတယ်၊ အခု ဟားခါးလမ်းဆုံကနေ ကလေးဘက်သွားမလား ဟားခါးဘက်သွားမလား သေချာမသိသေးဘူး” လို့ ဒေသခံက ဆိုပါတယ်။
စိုင်ဒူးရွာကနေ နောက်ထပ်သုံးမိုင်ခန့်ဝေးတဲ့ ကလေး - ဟားခါးလမ်းဆုံအနီးက သုံးထပ်ကွေ့အရောက်မှာတော့ ရွာသားတွေအားလုံးကို ပြန်လွှတ်ပေးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖမ်းသွားသူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအပေါ် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
လက်တလော အဲဒီဒေသဘက်မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး ဖုန်းဆက်သွယ်ရေးလည်း နေရာတိုင်းမရဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ၅ ရက်ညနေပိုင်းက ဂန့်ဂေါဘက်ကို ချီတက်လာတဲ့ အစီးရေ ၅၀ ကျော်ပါ အဲဒီ စစ်ကောင်စီယာဉ်တန်းကို ယောကာကွယ်ရေးတပ် (YDF – Gangaw) က မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။
ပြည်သူတွေအနေနဲ့ လတ်တလော စစ်ရေးအခြေအနေအရ ဂန့်ဂေါ - ကလေးကားလမ်းနဲ့ ဂန့်ဂေါ - ထီးလင်း ကားလမ်းတစ်လျှောက်မှာ ခရီးသွားလာခြင်းမလုပ်ဖို့ YDF – Gangaw က ထုတ်ပြန်ထားပါတယ်။