ရန်ကုန်မှာ လူငယ် ၅၀ နီးပါး ဆက်တိုက် ဖမ်းဆီးခံရ

2021.11.18
ရန်ကုန်မှာ လူငယ် ၅၀ နီးပါး ဆက်တိုက် ဖမ်းဆီးခံရ စစ်ကောင်စီက ၂၀၂၁ နိုဝင်ဘာ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဖမ်းဆီးထားတဲ့လူငယ်တွေကို တွေ့ရစဥ်
Photo: DSinfo

ရန်ကုန်မြို့ သံလျင်တံတား၊ မြောက်ဥက္ကလာတံတား၊ ထန်းတပင်မြို့နယ်နဲ့ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာ မီးပွိုင့် စတဲ့နေရာတွေက စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်ဆိုပြီး လူငယ် အမျိုး သား ၄၀ ဦး၊ အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၄၇ ဦးကို လက်နက်တွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက နိုဝင်ဘာ ၁၇ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။

အဲဒီလူငယ် ၄၇ ဦးကို နိုဝင်ဘာလ ၁၂ ရက်နေ့ကနေ ၁၇ ရက်နေ့အတွင်း လက်နက်ငယ်မျိုးစုံ ၃၄ လက်၊ ကျည် အိမ်မျိုးစုံ ၇၀ ခု၊ ကျည်မျိုးစုံ ၂၁၀၅ တောင့်၊ ၄၀ မမဗုံးသီး ၁၇ လုံး၊ လက်လုပ်ဗုံး ၁၀ လုံး၊ ရီမုမိုင်း ၄ လုံး၊ ရှေ့ ထွက်မိုင်း ၄ ခု၊ မီးခိုးဗုံး ၅ လုံး၊ ရှို့ပစ် ၂ လုံး၊ ယမ်းမှုန့် (မီးခိုရောင်) ၇ ထုပ်၊ မှန်ပြောင်း ၁ ခုနဲ့ စိတ်ကြွရူးသွပ် ဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့လည်း ဆိုပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ရဲ့ စီစဉ်ပေးမှုနဲ့ တိုက်ခိုက်မှုတွေကို ဆောင်ရွက်ခဲ့ပြီး သူတို့တွေကို KNLA တပ်မဟာ ၆ မှာ ရောက်ရှိနေတဲ့ ကိုဝင်းကို (ခ) စံရှားက ငွေကြေးထောက်ပံ့တာ၊ လက်နက်/ခဲယမ်းနဲ့ ဖောက်ခွဲ ရေးပစ္စည်းတွေ ထောက်ပံ့တာတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ရန်ကုန်မြို့တွင်းက ဧရိယာအလိုက် တိုက်ခိုက်မှုတွေလုပ်ဖို့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် ချိတ်ဆက်ဆောင်ရွက်ရတယ်လို့ ဖော်ပြထားပါတယ်။

ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ ကာယကံရှင်တွေနဲ့ တုံ့ပြန်ချက်ကို မသိရသေးပါဘူး။

ရန်ကုန်မြို့ တကသကျောင်းသားဟောင်းများ အင်အားစုက ကိုဇေယျာလွင် ကတော့ အဲဒီတွေဟာ ဘာကြောင့် အဖမ်းခံရတာလဲဆိုတာ သေသေချာချာ မသိပေမယ့် သူတို့ကို စစ်ကောင်စီက လုပ်တတ်တဲ့ အမူအကျင့် အတိုင်းလိုသလို ပုံဖော်ဖန်တီးစွပ်စွဲထားတဲ့ အခြေအနေမျိုးနဲ့ ဖမ်းဆီးခြင်းသာဖြစ်တယ်လို့ ပြောပါတယ်။

“သေချာတာကတော့ သူတို့ပြောသလိုမျိုး လူငယ်တွေဟာ မူးယစ်ဆေးဝါး သုံးစွဲထားတယ်တို့ အဲလိုမျိုး သတင်းစာမှာ ဖော်ပြသလို မူးယစ်ရမ်းကားပြီးတော့ လမ်းပေါ်ကို တက်ပြီးတော့ အော်ဟစ်ဆန္ဒပြနေတာ မျိုးလည်း လုံးဝ မဟုတ်ဘူး။ အခု အဖမ်းခံရတဲ့ လူငယ်တွေဟာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ လူငယ်တွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒီအချိန်မှာတော့ သူတို့ စွပ်စွဲသလို လုံးဝမဟုတ်တာတော့ သေချာတယ်လို့ ပြောနိုင်ပါတယ်”

စစ်ကောင်စီကတော့ အခုဖမ်းဆီးခံရသူတွေအတွက် နေအိမ်၊ တိုက်ခန်းငှားပေးထားတဲ့သူ ပိုင်ရှင်တွေကိုလည်း တည်ဆဲဥပဒေအရ အရေးယူမယ့်အပြင် နေအိမ် တိုက်ခန်းတွေကိုလည်း အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအရ သိမ်းယူမယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။